ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငွေကျပ်သိန်း ၃၀၀ တောင်းမှုဖြင့် စစ်ဆေးခံနေရမှုကို လောင်းလုံးပလဖ တာဝန်ခံဖြေရှင်း

July 4, 2026

လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ (ယာယီ) က ပြည်သူတစ်ဦးထံမှ ငွေကျပ်သိန်းသုံးရာ တောင်းခံသည်ဟု ပြောဆိုထားသည့် အသံဖိုင်တစ်ခု ဇူလိုင်လ ၃ ရက်နေ့က ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့သည်။

၅၈ စက္ကန့်ကြာသည့် အဆိုပါအသံဖိုင်တွင် ကျော်ဇင်ဝင်းဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး လူပြန်လိုချင်ပါက ၃၀၀ (ကျပ်သိန်း ၃၀၀ ဖြစ်နိုင်) ဖြင့် လာရွေးရန် ပြောဆိုထားသည်။

လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပလဖတာဝန်ခံ ကိုရသအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

အထက်ပါအသံဖိုင် ပျံ့နှံ့လာသည့်ကိစ္စနှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံအား Dawei Watch ဆက်သွယ်မေးမြန်းခဲ့ရာ အသံဖိုင်ထဲတွင် ငွေကြေးဖြင့် ပြန်လာရွေးရန် ပြောဆိုနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခံနေရသည်မှာလည်း မှန်ကန်ကြောင်း ပလဖတာဝန်ခံ ကိုရသက ဝန်ခံပြောဆိုသည်။

သို့သော် ထိုငွေကျပ်သိန်း ၃၀၀ ကိုမူ ၎င်း၏သဘောဆန္ဒအရ တောင်းခံခြင်းမဟုတ်ဘဲ ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ စစ်ကြောင်းမှူးက တောင်းခိုင်းသဖြင့် ထိုစစ်ကြောင်းမှူးကိုယ်စား ဖုန်းဆက်ပြီး ငွေတောင်းပေးခြင်းသာဖြစ်ကြောင်း ကိုရသက ပြောသည်။

ထိုကဲ့သို့ ငွေကြေးတောင်းခံသည့်ကိစ္စမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကိုလည်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနထံ စာဖြင့်ရေးသားတင်ပြထားကြောင်း ကိုရသက ပြောဆိုသည်။

ဖြစ်စဉ်မှာ လောင်းလုံးမြို့ပေါ်တွင် နေထိုင်သည့် ကိုကျော်ဇင်ဝင်းဆိုသူသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာတစ်ရွာသို့ အသားစားကြက်ဝယ်ယူရန် လာစဉ် ပလဖအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ကိုကျော်ဇင်ဝင်း၏ လက်ကိုင်ဖုန်းတွင် စစ်အုပ်စုနှင့် ဆက်သွယ်ထားသည့် အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့ထံ ကိုရသ တင်ပြထားသောစာတွင် ပါရှိသည်။

သို့သော် မိသားစုစားဝတ်နေရေးအတွက် စစ်အုပ်စုနှင့် လုပ်ငန်းသဘောအရ ပတ်သက်နေရသည်ကို နားလည်ပေးသည့်အနေဖြင့် စစ်ရေးဖော်ဆောင်နေသည့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ဧရိယာသို့ နောက်ထပ်မလာရန် ကိုကျော်ဇင်ဝင်းအား သတိပေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ထိုစာထဲတွင် ပါရှိသည်။

ထိုကိစ္စဖြစ်ပွားပြီး ရက်ပိုင်းအကြာ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ အောက်ဘက်ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး နှစ်ဖက်စစ်ရေးတင်းမာနေချိန် ကိုကျော်ဇင်ဝင်းသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ဧရိယာအတွင်းသို့ ဒုတိယအကြိမ် ထပ်မံရောက်လာခဲ့သည်ဟု ကိုရသကဆိုသည်။

ထိုသို့ ထပ်ရောက်လာသဖြင့် လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်ထဲ စစ်ရေးလှုပ်ရှားနေသော PDF တပ်ရင်း၏ စစ်ကြောင်းမှူးက ကိုကျော်ဇင်ဝင်းအား သွားရောက်စစ်ဆေးစဉ် ကိုကျော်ဇင်ဝင်း၏ လက်ကိုင်ဖုန်းသို့ လောင်းလုံးမြို့မရဲစခန်းမှူးတစ်ဦး ဖုန်းဆက်လာသည်နှင့် ပက်ပင်းတိုးခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဖုန်းဆက်လာချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ စကားပြောစက်အသံကို ရဲစခန်းမှူးက ဖုန်းထဲမှတစ်ဆင့် ကြားသွားသဖြင့် ဖုန်းချလိုက်သည်ဟု ၎င်းကဆိုသည်။

နောက်ထပ် ၃ မိနစ်ခန့်အကြာတွင် ဒေသတွင်းနာမည်ကြီး ပျူစောထီးတစ်ဦးဖြစ်သူ လောင်းလုံးမြို့ခံ ဦးမင်းသိန်းက ထပ်မံပြီး ကိုကျော်ဇင်ဝင်းထံ ဖုန်းဆက်လာပြီးနောက် ဖုန်းပြန်ချသွားသည်ကို စစ်ဆေးနေသည့် တော်လှန်ရေးတပ်ဖွဲ့များ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဟု ကိုရသက ပြောဆိုသည်။

ထို့ကြောင့် ကိုကျော်ဇင်ဝင်းအား PDF စစ်ကြောင်းမှူးကိုယ်တိုင် ဖမ်းဆီးပြီး ပလဖတပ်ဖွဲ့ထံ အပ်နှံလာသဖြင့် လက်ခံပြီး ဖမ်းဆီးထိန်းသိမ်းပေးထားကြောင်း၊စစ်ကြောင်းထိုးနေချိန်ဖြစ်သောကြောင့် ကိုကျော်ဇင်ဝင်းအား အသေးစိတ်စစ်ဆေးနိုင်ခြင်းမရှိသေးသဖြင့် နောက်မှ စစ်ဆေးနိုင်ရန် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အသံဖိုင်မှာပါနေတဲ့ ငွေကျပ်သိန်း ၃၀၀ တောင်းတာကလည်း ကျွန်တော့်ရဲ့ သဘောဆန္ဒအရ တောင်းယူတာမဟုတ်ဘူး။ စစ်ကြောင်းမှူးကနေပြီးတော့ ကျွန်တော့်ကို အကူအညီတောင်းလာတဲ့ အတွက်ကြောင့် သူ့ရဲ့ (စစ်ကြောင်းမှူးရဲ့) သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ကို အသိပေးထားပြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါလေးတစ်ချက် (ငွေသိန်း ၃၀၀ တောင်းရန်) ကူညီပေးပါပြောလာလို့ ကျွန်တော့်အနေနဲ့ (ကိုကျော်ဇင်ဝင်းမိသားစုထံ) ဖုန်းဆက်ပြီး အသိပေးအကြောင်းကြားခဲ့တယ်” ဟု ကိုရသက ပြောသည်။

စစ်ကြောင်းထိုးနေသည့်အချိန် စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် ငွေကျပ်သိန်း ၃၀၀ တောင်းခိုင်းခြင်းဖြစ်ကြောင်း ကိုရသက ရှင်းပြသည်။

PDF စစ်ကြောင်းမှူး စေခိုင်းသည့်အတိုင်း ကိုကျော်ဇင်ဝင်းမိသားစုထံ ဖုန်းဆက်ပြီး ငွေကြေးကိစ္စပြောဆိုပြီးချိန်မှ ကျပ်သိန်း ၃၀၀ တောင်းသည့်ကိစ္စမှာ ဥပဒေအရ မကိုက်ညီသဖြင့် မတောင်းရန် စစ်ကြောင်းမှူးက ပြောဆိုလာခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် ကိုကျော်ဇင်ဝင်းမိသားစုမှလည်း ငွေကြေးပေးဆောင်လာခြင်းမရှိသလို ပလဖအနေဖြင့်လည်း ငွေထပ်မံတောင်းခံခြင်း မလုပ်တော့ကြောင်း ကိုရသက ပြောဆိုသည်။

ဖမ်းဆီးထားသည့် ကိုကျော်ဇင်ဝင်းနှင့် သက်ဆိုင်သော သိမ်းဆည်းရရှိထားသည့် သက်သေခံအချက်အလက်များအားလုံးကို PDF စစ်ကြောင်းမှူးကပင် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ကိုကျော်ဇင်ဝင်းမှာ အချုပ်ခံနေရဆဲ ဖြစ်သည်။

နောက်ပိုင်းတွင် ငွေကြေးတောင်းခံသည့်ကိစ္စနှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သဖြင့် ဝန်ကြီးဌာနမှ ယင်းကိစ္စအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးလာခြင်းဖြစ်ကြောင်း ကိုရသက ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့က ပလဖတာဝန်ခံ ကိုရသအား ပထမအကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ထိုနေ့တွင်ပင် ငွေကျပ်သိန်း ၃၀၀ တောင်းခံသည့် ပလဖတာဝန်ခံ ပြောဆိုထားသော အသံဖိုင် အွန်လိုင်းတွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် ဖြစ်စဉ်အားလုံးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ထွက်ဆိုထားသော ဖြစ်စဉ်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားနေချိန်ကတည်းကလည်း ပြည်ထဲရေးဝန်ကြီးဌာနထံ အချိန်နှင့်တစ်ပြေးညီ တောက်လျှောက်တင်ပြထားပြီး ဖြစ်ကြောင်း ကိုရသက ဆိုသည်။

ထိုငွေကြေးတောင်းခံသည့်ကိစ္စနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်း အမိန့်ချမှတ်ပါက ခံယူသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အခြားတော်လှန်ရေးတပ်ဖွဲ့များ ဥပဒေမဲ့လုပ်ဆောင်ထားသော အမှုများကိုလည်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယခုဖြစ်စဉ်ကဲ့သို့ပင် သက်ဆိုင်ရာဝန်ကြီးဌာနများထံ တိုင်ကြားပြီး စစ်ဆေးအရေးယူသည်မျိုး ဖြစ်သင့်ကြောင်း ကိုရသက ပြောဆိုသည်။

သတင်းထဲပါဝင်သည့် ကျော်ဇင်ဝင်း၏ နေရပ်လိပ်စာ၊ ကျော်ဇင်ဝင်းအား ဖမ်းဆီးသည့် ကျေးရွာအပါအဝင် ဖြစ်စဉ်အတွင်း ပါဝင်သော PDF တပ်ရင်းအမည်၊ စစ်ကြောင်းမှူးအမည် စသည်ဖြင့် အသေးစိတ်အချက်အလက်များကို Dawei Watch က သိရှိထားသော်လည်း လုံခြုံရေးအခြေအနေနှင့် သတင်းရင်းမြစ်၏ ဆန္ဒအရ မဖော်ပြခြင်းသည်။

အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းနေပြီး ထပ်မံဖော်ပြပေးသွားပါမည်။