ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာ ရှိ စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းနေရာယူထားသည့် စခန်းကို ယနေ့ နံနက်ပိုင်း တွင် တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်း မဟာမိတ်တွင်ပါဝင်သည့် မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၆နာရီတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တပ်ရင်း ၇ မဟာမိတ် တော်လှန်ရေးအင်အားစုများက စတင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်နာရီနီးပါးအပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဖော်ပြသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်း နေရာများအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း တော်လှန်အင်အားစုများထံမှ သိရသည်။
မီးလောင်ချောင်းရွာနှင့် ဘုတ်ခြံရွာ အခြေစိုက် ခလရ ၁၇ ကြားတွင် စစ်ကောင်စီကာကင်းတစ်ခုရှိပြီး ယင်းနေရာသို့ ဆုတ်သွားပြီး အင်အားပူးပေါင်းခြင်းဖြစ်နိုင်ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း (၁) က ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဘက်က အထိအခိုက် အကျအဆုံးအနေနဲ့ တစ်ဦးသေတာကိုတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။ ကျန်တာက စုံစမ်းဆဲပါ။ မဟာမိတ်တွေဘက်က အထိခိုက်မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲအတွင်း ပိတ်မိနေသည့် အရပ်သားများကိုလည်း ဘေးလွတ်ရာသို့ ကယ်ထုတ်ပြီးဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်မှုများ ငြိမ်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“လက်ရှိကတော့ ပစ်ခတ်မှု ငြိမ်သွားပါပြီ။ သူတို့ဘက်က ပြန်တုံ့ပြန်တာမျိုး မရှိသေးပါဘူး” ဟု ယနေ့ နေ့လယ်ပိုင်းအခြေအနေကို ရဲဘော်အာနိုးက ပြောသည်။
ယနေ့ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) ၊ မြိတ်ခရိုင်တပ်ရင်း (၁)၊ KNDO တပ်ရင်း (၇) ၊ ပုလော ပကဖ နှင့် မဟာမိတ်များက ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့များထံမှ သိရသည်။
ဩဂုတ်လ ၅ ရက်ကလည်း ပလရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို မြိတ်ခရိုင်တပ်ရင်း (၁) နှင့် KNDO တပ်ရင်း ၇ (တပ်ခွဲ ၂) တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။







