ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နှင့် ကပ်လျက် စစ်ပြဲကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ဒေသခံအရပ်သားနေအိမ်များကို မီးရှို့နေကြောင်း ကနဦးရရှိသော သတင်းအရသိရသည်။
ယနေ့ ဇွန်လ ၃ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ပြဲကျေးရွာအတွင်းမှ မီးလုံးကြီးများ ထွက်ပေါ်နေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း စစ်ရှောင်နေရသည့် ဒေသခံတို့က ပြောသည်။
ကနဦးမေးမြန်းချက်အရ စစ်ပြဲကျေးရွာအုပ်စု အရှေ့ပိုင်းရှိ ဈေး၊ စာသင်ကျောင်းနှင့် အရှေ့ပိုင်းလမ်းဆုံအနီးရှိ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ခန့်မှန်းပြောဆိုသည်။
“မီးလုံးကြီးတွေက မနည်းဘူးတက်နေတာ၊ အခုတော့ မီးရှိန်ပြန်ကျသွားပြီ“ ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ည ၈ နာရီအချိန်တွင် ပြောဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ပြဲကျေးရွာထဲတွင် မွန်းတည့် ၂ နာရီကျော်အချိန်မှ ညနေ ၆ နာရီဝန်းကျင်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ရွာထဲမှ မီးလုံးကြီးများ တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ရွာထဲရှိ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်တို့တွင် စစ်အာဏာရှင်တပ် ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဆက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် နေအိမ်မည်မျှ မီးလောင်ပျက်စီးသွားသည်ကို လတ်တလော မသိရသေးပေ။
မေလ ၃၀ ရက်ကလည်း စစ်ပြဲကျေးရွာနှင့် ရွာလေးရွာအကွာတွင် ရှိသည့် ကဒက်ကြီးကျေးရွာက ဒေသခံနေအိမ် ခြောက်ဆောင်ကိုလည်း စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ကဒက်ကြီးကျေးရွာတွင် နေအိမ်မီးရှို့ပြီး လောင်းလုံးမြို့ဘက်သို့ ပြန်သွားသော စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထပ်ထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။







