ရေဖြူမြို့နယ်၊ ဧကနိကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မောရဝတီရေတပ်စခန်းဘက်မှ ပျံသန်းလာသည့် ဂျိုင်ရိုကော်ပတာနှစ်စီးသည် ယနေ့နံနက်ပိုင်းမှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် ပျံဝဲနေပြီး၊ မွန်းလွဲပိုင်းတွင် ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း ဒေသခံက ပြောသည်။
အဆိုပါ ဗုံးသုံးလုံးအနက် တစ်လုံးမှာ ဧကနိကျေးရွာရှိ စိုက်ပျိုးခြံရုံးခန်းအနီးတွင်လည်းကောင်း၊ ကျန်နှစ်လုံးမှာ ရငဲရွာဝန်းကျင်နှင့် ရငဲဝဇွန်းတောကျေးရွာကြားတွင်လည်းကောင်း ပေါက်ကွဲခဲ့ပြီး၊ ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
စစ်အာဏာရှင်တပ်သည် တိုက်ပွဲမဖြစ်ဘဲ ဧကနိကျေးရွာအနီးဝန်းကျင်ကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန အမှတ် ၃၃ နှင့် ၃၄ ဗျူဟာတို့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။
စစ်အာဏာရှင်တပ်၏ ဂျိုင်ရိုကော်ပတာနှစ်စီးသည် ဧကနိကျေးရွာဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတစ်ဝိုက်တွင် ယနေ့ ညနေပိုင်းအထိ ဆက်လက်ပျံဝဲနေကြောင်း ဒေသခံတို့က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ကျောက်ရှပ်ကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယခုနောက်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဒေသအချို့တွင် ဂျိုင်ရိုကော်ပတာ ဟုခေါ်သည့် အပေါ့စားလေယာဉ်တစ်မျိုးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယင်းလေယာဉ်ငယ်မှာ နှစ်ယောက်စီး အပေါ့စားလေယာဉ်အမျိုးအစားဖြစ်သည်။





