ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်တွင် မြန်မာစကားပြန်အလုပ်သမားကို ရိုက်နှက်နှိပ်စက်ပြီး ခန္ဓာကိုယ်ပေါ်ကို ရေနွေးပူဖြင့် လောင်းခဲ့သော တရုတ်နိုင်ငံသားများအနက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း အမှုတွင် ကူညီဆောင်ရွက် ပေးနေသော မြန်မာအလင်းအဖွဲ့ (LMA) ထံမှ သိရသည်။
ယနေ့ မေလ ၈ ရက်အထိ တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီးရမိထားပြီး အမှုနှင့် ပက်သက်၍မူ အသေးစိတ် အချက်အလက်များကို ထုတ်ပြော၍ မရသေးကြောင်း အဆိုပါအဖွဲ့မှ ကိုနေလင်းသူက ပြောသည်။
“အမှုကို (မြန်မာ) သံရုံးကနေ လိုက်ပါဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် (အမှုကိစ္စကို) အတိအကျတော့ ပြောလို့ မရသေးဘူးဗျ။ စွဲထားတဲ့ အမှုတွေကတော့ အများကြီးပေါ့နော်။ လောလောဆယ် ဖမ်းထားတယ်ဆိုတာပဲ ပြောပြလို့ရမယ်ဗျ” ဟု ၎င်းက ပြောဆိုသည်။
စကားပြန် ကိုသားသားအမှုနှင့်ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက လိုက်ပါကူညီမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သော ဧပြီလ ၃၀ ရက်က လယွန်မြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီ၏ သူဌေးအပါအဝင် တရုတ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီးများက ကိုသားသားကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားများက ၅ နာရီခန့်ကြာအောင် ကိုသားသားကို ဂေါက်တံ၊ သံတုတ်များဖြင့် ရိုက်နှက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် ပါးစပ်ထဲကို ရေနွေးပူဖြင့် လောင်းခဲ့သဖြင့် ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း LMA ထံမှ သိရသည်။
ဒဏ်ရာများကို ဆေးခန်းသို့ သွားရောက်ပြီး ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း အဆိုပါဖွဲ့ထံမှ သိရသည်။
မေလ ၄ ရက်တွင် ကိုသားသားက မြန်မာ့အလင်း-LMA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး အမှုကိစ္စနှင့် ပတ်သက်၍ ထိခိုက်နစ်နာသူများအတွက် အမှုကို လိုက်ပါဆောင်ရွက်လေ့ရှိသည့် ထိုင်းတွင် နာမည်ကြီး ဖီးကန်တို့အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။







