ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်အနီး သံစက်ရုံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံး

May 7, 2026

ဓာတ်ပုံ - WAG

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် သံစက်ရုံထဲတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး သေဆုံးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

စမွတ်ပရကန်ခရိုင် ဘန်ဖီဒေသရှိ သံစက်ရုံထဲတွင် မေလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၂ နှစ်အရွယ် မခိုင်သဇင်ဝင်း အလုပ်လုပ်ကိုင်နေစဉ် သံပြားခွေများ မတော်တဆ ကိုယ်ပေါ်ပြုတ်ကျလာရာမှ သေဆုံးကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“လက်ရှိကတော့ အလောင်းကို မထုတ်ရသေးပါဘူး။ သေမှုသေခင်းကိစ္စတွေကို ဆက်လက်ဆောင်ရွက်ရပါဦးမယ်။ နစ်နာကြေးကိစ္စတွေကိုတော့ အိမ်က မိဘတွေ လာမှ ဆက်လုပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။

ရုပ်အလောင်းကိုမူ ကယ်ဆယ်ရေးအဖွဲ့များက ဘန်ဖီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ရုပ်အလောင်းကို ထုတ်ယူရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

သေဆုံးသူ မခိုင်သဇင်ဝင်းသည် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ကော်မြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

မခိုင်သဇင်ဝင်း သေဆုံးမှုအတွက် နစ်နာကြေးကိစ္စများကို ကူညီဆောင်ရွက်ပေးရန် မိသားစုဝင်များက WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

သေဆုံးမှုအတွက် နစ်နာကြေးနှင့် အခြားကိစ္စများကို အလုပ်ရှင်ဖြစ်သူက ပူးပေါင်းဆောင်ရွက်ပေးရန် သဘောတူထားပြီး ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။