ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် ဘေးတွဲမတပ်ဟု ကညနတွင် ခံဝန်ထိုးရ

July 4, 2026

မော်တော်ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ရာတွင် ဘေးတွဲ မတပ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးတွင် ခံဝန်ထိုးရကြောင်း ဆိုင်ကယ်လိုင်စင်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ယခု ဇူလိုင်လ ၁ ရက်မှစတင်ပြီး လိုင်စင်စာအုပ်တွင်လည်း ‘ဘေးတွဲတပ်ဆင် အသုံးပြုခြင်းအား ခွင့်မပြု’ ဟု စာသားအနီဖြင့် တံဆိပ်တုံးထုပေးကြောင်း ၎င်းတို့က ဆိုသည်။

“အရင်က အဲဒီလို (ဘေးတွဲ ကတ်သန့်ချက်) မရှိဘူး။ ၁ ရက်နေ့ (ဇူလိုင် ၁ရက်) က စပြီး ခံဝန်ထိုးရတယ်။ တံဆိပ်တုံး အသစ် တစ်ခု ပိုလာတယ် ” ဟု ထားဝယ်မြို့ခံ ဆိုင်ကယ်လိုင်စင် အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းကန့်သတ်ချက် မတိုင်မီကတည်းက ထားဝယ်မြို့စည်ပင်သာယာ ဧရိယာအတွင်း၌ ဘေးတွဲစီးခွင့်မပြုကြောင်း မြို့ခံများက ပြောသည်။

သို့သော် ထားဝယ်ခရိုင်အတွင်းရှိ ကျေးလက်ဒေသအချို့တွင် စစ်အာဏာရှင်တပ်က ဆိုင်ကယ်တစ်စီး နှစ်ယောက်မစီးရ၊ ဆိုင်ကယ် လုံးဝမစီးရ စသည့် ကန့်သတ်ချက်များကြောင့် ဆိုင်ကယ်များကို ဘေးတွဲ အဖြစ်ပြောင်းလဲကာ သွားလာရေး အခက်အခဲ ဖြေရှင်းနေရကြောင်း ကျေးလက်နေသူများက ပြောသည်။

မြိတ်ခရိုင် ကညနရုံးတွင်လည်း ဇူလိုင်လ ၁ ရက်မှစ၍ လိုင်စင်လုပ်ရာ၌ ဘေးတွဲ မတပ်ဆင်ရကြောင်း ခံဝန်ထိုးခိုင်းခြင်း၊ တံဆိပ်တုံး ထုပေးခြင်းတို့ကို စလုပ်နေပြီဖြစ်ကြောင်း လိုင်စင်အကျိုးဆောင်ပြုလုပ်နေသော မြိတ်မြိုခံတစ်ဦးက ဆိုသည်။

“သူတို့ (ကညန) က လိုင်စင်ဘီးတွေ ဘေးတွဲမတပ်ခိုင်းတော့ဘူး။ အစကဆိုရင် လိုင်စင်ဘီးကို ဘေးတွဲတပ်ထားတာက တရားဝင်သလိုလို ဖြစ်နေတယ်။ အခုက အဲဒီဟာလည်း တရားမဝင်ဘူးဆိုတဲ့ သဘောဖြစ်သွားတယ်။ ဖမ်းမိရင်တော့ အရေးယူမယ် ပြောတယ် ” ဟု ၎င်းက ပြောဆိုသည်။

သို့သော် မြိတ်မြို့တွင် ယနေ့ ဇူလိုင်လ ၄ရက်အထိ ဘေးတွဲဆိုင်ကယ်များ အသွားအလာရှိနေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ယခု ကန့်သတ်မှုမတိုင်မီကတည်းက မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်များကို ဝင်ထွက်သွားလာခွင့်လမ်းကြောင်း အချို့ ကန့်သတ်သည့်အပြင် အမိုးလိုင်စင်၊ ဘေးတွဲတပ်ထားသည့် ဆိုင်ကယ်လိုင်စင် စသဖြင့် အကြောင်းမျိုးစုံပြဖမ်းဆီးကာ ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ဒဏ်ရိုက်လေ့ရှိကြောင်း မြိတ်မြို့ခံဘေးတွဲယာဥ်မောင်းများက ပြောသည်။

မြိတ်တွင် အသားငါး၊ ဟင်းသီးဟင်းရွက် ဈေးရောင်းချကြသည့် ဈေးသည်များ၊ ရေခဲမုန့်၊ ကြံရည် စသည့် စားသောက်ကုန် ရောင်းချကြသည့် စျေးသည်များသည် ဘေးတွဲဆိုင်ကယ် အသုံးပြုကြသည်။

ဆိုင်ကယ်အား ဘေးတွဲ တပ်လျှင် ၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု ဖော်ပြပါရှိသည်။ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းနိုင်ရန် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း ကညနရုံး၏ ရုံးဖုန်းကို ရုံးချိန်အတွင်း ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ဘေးတွဲယာဉ်များသည် လိုက်ပါစီးနင်းသူများအတွက် ဘေးကင်းလုံခြုံမှု မရှိဟုဆိုကာ ဘေးတွဲများကို မြန်မာနိုင်ငံတွင် ဘေးတွဲလိုင်စင်အဖြစ် တရားဝင် ထုတ်ပေးခြင်းမရှိပေ။

သို့သော်လည်း ကျေးလက်ဒေသများတွင်မူ သွားရေးလာရေးနှင့် ကုန်စည်သယ်ယူရာတွင် ဘေးတွဲယာဉ်များကိုသာ အဓိကထား အသုံးပြုနေကြရသည်။