ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အနာဂတ်တွေရဲ့ အနာ

June 4, 2026

အဖြူ အစိမ်းဝတ်ကလေးလေးတွေ၊ လူငယ်လေးတွေ ကျောင်းစအပ်နေကြတဲ့နေ့က အမေကြီးတစ်ယောက် ရေးကြီးသုတ်ပျာနဲ့ စကားတွေဖတ်ဖတ်မော ပြောနေလေရဲ့။ ရောဂါသည် မိဘတွေကို လုပ်ကျွေးနေရ၊ နောက်ပြီး အသက် ၂၀ အရွယ် သားတစ်ယောက်ရှိပြီး ထားစရာနေရာမရှိဖြစ်နေတဲ့ အမေကြီးရဲ့ ဒုက္ခ။

ကျောင်းကမထားချင်ပေမဲ့ အသက်ကစကားပြောလာပြီး အဆွဲခံရမှာစိုးလို့ ထားရတော့မယ်တဲ့။ ဒီပုံစံအတိုင်းဆို ဒီနှစ်ကျောင်းတက်နှုန်းတွေ ပြန်မြင့်တက်နိုင်ရဲ့။ သေချာစုံစမ်းကြည့်တော့ သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်ကြောင့် မရနိုင်တော့ပါဘူးတဲ့။

အခုချိန်နေရာဒေသ အသီးသီးမှာ မတူညီတဲ့ ဒုက္ခတွေ ပုံစံမျိုးစုံနဲ့ ရှိနေကြတာ ဆန်းတော့မဆန်းပေမဲ့ တကယ်လက်‌တွေ့ကြုံနေရတဲ့ အခိုက်အတန့်လေးတွေကတော့ ပြောမပြနိုင်လောက်အောင်ပါပဲဗျာ။

ကျောင်းတံခါးတွေ ဖွင့်နေရဲ့။ ထောင်တံခါးတွေလည်း ပိတ်နေရဲ့။ အထဲမှာ လူတွေအများကြီးနဲ့။ မြို့ပေါ်က လမ်းတွေမှာလည်း တံခါးမရှိ၊ ဓါးမရှိလှည့်လည်နေသူတွေရှိရဲ့။

အေ အီး အာရ် အို ပီ အယ်လ် အေ အန်(န်) အီး(အဲရိုးပရိန်း) လေယာဉ်ပျံကြောင့် ရွှေ့ပြောင်းစာသင်နေရတဲ့ ကလေးလေးတွေ၊ စာသင်ဖို့ထက် အရွယ်နဲ့မလိုက်အောင် အသက်မသေဖို့ကြိုးစားနေရတဲ့ ကလေးလေးတွေ၊ ပေါ်တာဆွဲခံရမှာစိုးပြီး ကျောင်းတက်ဖို့ လုပ်နေရတဲ့ ကလေးလေးတွေ၊ လေယာဉ်‌လာရင်‌ရှောင်ဖို့ စာလုပ်နေရင်း လွယ်အိတ်ကြိုလွယ်ထားရတဲ့ ကလေးလေးတွေ၊ မြို့ပေါ်ကစစ်ဘေးရှောင် ကလေးလေးတွေ၊ ဘုန်းကြီးကျောင်းပို့ထားရတဲ့ မိမဲ့ဘမဲ့ ကလေးလေးတွေ၊ မိဘရှိပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် အတူမနေရတဲ့ ကလေးလေးတွေ၊ အုတ်နံရံနဲ့ သံတိုင်တွေကြား ပြေးလွှားဆော့ကစားနေတဲ့ ကလေးလေးတွေ၊ ခေတ်ကြီးကြောင့် မှိုလိုပေါနေတဲ့ ကိုယ်ပိုင်စာသင်ကျောင်းတွေက ကလေးလေးတွေ၊ ခေတ်ပျက်ကြီးမှာ နေ့စားအလုပ်လုပ်နေကြရတဲ့ စာမမြောက်သေးတဲ့ ကလေးလေးတွေ၊ အွန်လိုင်းကလပ်စ် (online class) တွေ တက်ပြီးစိတ်လုံခြုံမှု မရှိဖြစ်နေကြတဲ့ကလေးလေးတွေ၊ အမှိုက်ကားနောက် ပြေးလိုက်နေတဲ့ ကလေးလေးတွေ၊ လမ်းပေါ်‌ လေလွင့်နေတဲ့ ကလေးလေးတွေ၊ ဘယ်ကျောင်းကလဲအမေးခံရရင် တုန်လှုပ်နေကြတဲ့ကလေးလေးတွေ၊ ကျောင်းသားတစ်ပိုင်း ဟိုသားတစ်ပိုင်း ကလေးလေးတွေ။

ဪ ကလေးလေးတွေ။ ကျနော်တို့ရဲ့ အများဆိုင် အနာဂတ်လေးတွေ။ ခင်ဗျားတို့နဲ့ ကျနော်မရင်းနှီးပေမဲ့၊ မသိပေမဲ့ သနားချစ်နဲ့ ချစ်မိပါတယ်။

သူတို့ပယောဂ မပါတဲ့ ဒီပွဲမှာ ကိုယ်တိုင် ကပြအသုံးတော်ခံနေကြတဲ့ ဇာတ်ကောင်လေးတွေ။ အနာတရတွေနဲ့ ဇာတ်ကောင်တွေ။

ကျနော်က အဲလိုတွေးနေတဲ့အချိန် ဘေးနားမှာရှိတဲ့ စာအုပ်စင်ပေါ်က ကိုစိုးထိုက်(ဖဒို)ရဲ့ မြေစာပင်စာအုပ်လေးက မြေပြင်ကမြေစာပင်လေးတွေကို ငေးစိုက်ကြည့်နေလေရဲ့။ စာအုပ်လေးသာ စကားပြောတတ်ခဲ့ရင် သူဘာတွေပြောချင်နေပါလိမ့်။ ဘာတွေပြော‌နေမှာပါလိမ့်။ ဘာတွေထပ်ဖြည့်မှာပါလိမ့်။ ထပ်ဖြည့်လို့ရောကုန်ပါဦးမလား။

နားတွေငြီးအောင် နားထောင်ရမလား။ သွားတွေဖြီးအောင် ရယ်မနေရဖို့တော့သေချာရဲ့။ မျက်ရည်ထွက်ရလွန်းလို့ ဂြိုလ်သားဇာတ်ကောင်တွေရဲ့ မျက်လုံးတွေလိုဖြစ်သွားမလား။ ကျနော်ကတော့ ပါးတွေညောင်းတဲ့အထိ အားရပါးရရယ်ချင်ပါတယ်။ မဖြစ်နိုင်မှန်းသိပါရက်နဲ့ပေါ့လေ။

ကျနော်တို့ လူမှန်းသိတတ်စအရွယ်တုန်းက အတော်လေးပျော်နေခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ပျော်တယ်ဆိုတာကို ထူးပြီးမခံစားတတ်ပေမဲ့ အခုလိုပျော်စရာတွေ ရှားပါးလာတဲ့အချိန်မှာတော့ ပျော်ခဲ့တယ်ဆိုတာကို ပြန်လွမ်းနေရတယ်။

လူကြီးဖြစ်သွားလို့ မပျော်တော့တာများလား။ အဲလိုဆို လူကြီးတွေက မပျော်တတ်ကြဘူးလား။ မပျော်တတ်တော့တာလား။ တစ်ခါတလေမှာ အဖြေကို သိပေမဲ့ အဲဒီအဖြေကို ရင်မဆိုင်ရဲလို့ မေးခွန်းတွေပဲ မေးနေမိတော့တယ်။

ကျနော် သူတို့လေးတွေကို ချစ်မိတယ်။ အဲလိုပဲ အားလည်းကိုးမိတယ်။ အားကိုးရာမဲ့လွန်းတဲ့ ကျနော်တို့ဘဝတွေလေ။ ကျနော်တို့ငယ်ငယ်က မင်းတို့ကိုပဲ အားကိုးရမှာလို့ လူကြီးတွေပြောတာ ခဏခဏကြားရဖူးတယ်။

အခုတော့ ကျနော်တို့ကိုယ်တိုင် အားကိုးရှာနေရပြီ။ မညှာမတာနဲ့ပေါ့လေ။ ကိုယ့်ထက်ငယ်လွန်းတဲ့ ဥမမယ်‌လေး တွေကို အားကိုးတယ်ပြောရတာ လိပ်ပြာမလုံဖြစ်လိုက်တာ။

ချစ်ရတာ ပင်ပန်းမှန်းသိရက်နဲ့ ကလေးလေးတွေကို ချစ်တတ်အောင်သင်ပေးဖို့ စိတ်ကူးကြည့်တဲ့ ကျနော်ဟာ မှားများနေပြီလား။ တွေဝေမှုတွေနဲ့ပေါ့။

ကျွန်တော် တို့ဘဝတွေကလည်း ဥမမယ်စာမမြောက်တွေကို အားကိုးလိုက်၊ သေပစ်သွားတဲ့သူတွေကို နေရစ်ရတဲ့ကျွန်တော် တို့က ပြန်တလိုက် ဖြစ်နေရတဲ့ဘဝမျိုး။

ကျောင်းဖွင့်ရက်မှာ ကျောင်းတက်ကြတော့မှာကို တွေးမိတော့ ကျနော်တို့ကျောင်းတက်ခဲ့တဲ့အချိန်တွေကိုတောင် သတိရသွားတယ်။

စာကျက်ခဲ့တာ‌တွေ၊ ကျူရှင်ခိုးတက်ခဲ့ရတာတွေ၊ စာမရခဲ့တာတွေ၊ ဆုရခဲ့တာတွေ၊ စာသင်ချိန် ကိုယ့်မုန့်ကို ကိုယ်ခိုးစားခဲ့တာတွေ၊ စာသင်နေတုန်း အိပ်ငိုက်နေတာတွေ၊ ကျောင်းတွင်းအားကစားပွဲတွေ၊ စာမဖတ်ဘဲ စာကြည့်တိုက်ထဲ ဝင်မွှေခဲ့တာတွေ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲ‌တွေ၊ ရတုတစ်ခုမှာ ညတိုင်းဇာတ်ပွဲကြည့်ခဲ့တာတွေ၊ ရည်းစားစာလိုက်ပေးခဲ့တာတွေ စသဖြင့် စသဖြင့် အများကြီးပါပဲ။

အခုတော့ ကျောင်းအမျိုးအစားတွေလည်း တပုံတပင်ကြီး။ ကျွန်တော် တို့လိုက်မမီတော့ဘူးဗျာ။ ကျန်ခဲ့တယ်ဆိုပါတော့။

ကျွန်တော် ငယ်ငယ်ကပေါ့လေ။ ငယ်ငယ်ကဆိုတာ သိပ်မကြာသေးပါဘူး။

အလွန်ဆုံးရှိလှ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်ပေါ့။ အဲတုန်းက ကျွန်တော် က အထက်တန်းကျောင်းသား။ ဟိုဟိုဒီဒီတွေ စိတ်ဝင်စားတတ်နေပြီး လက်တည့်စမ်းချင်နေတတ်တဲ့ အရွယ်ဆိုလည်း မမှားပါဘူး။

ကျွန်တော် အဲဒီလိုအရွယ်မှာ လွတ်လပ်စွာဆိုတဲ့စကားလုံးကို တိုးတိုးတခါ ကျယ်ကျယ်တလှည့်နဲ့ မလွတ်မလပ်ကြားနေခဲ့ရတဲ့အချိန်ပေါ့ဗျာ။ အခုတ‌လောတောင် အဲဒီတုန်းက အချိန်တွေကို တော်တော်လွမ်းမိတယ်။ ထားတော့။

တစ်ရက်မှာ အထက်တန်း‌ ကျောင်းသားကြီးကျွန်တော် တက်နေတဲ့ နယ်မြို့လေးက အထကကျောင်းတစ်ခုမှာ ကျောင်းဆင်းပွဲ လုပ်နေကြတယ်။

အဲဒီ ကျောင်းဆင်းပွဲမှာ စားကြတဲ့ အစားအသောက်က ကျနော်တို့ အခုချိန်မကြားချင်မှအဆုံး၊ မစားချင်မှ အမုန်းဖြစ်နေတဲ့ မာမားခေါက်ဆွဲထုပ်ကို ပြုတ်စားကြတာပါ။

အဲဒီတုန်းကတော့ အခုလောက် ဆံပင်တွေကျွတ်ကျကုန်တဲ့အထိ စားရလိမ့်မယ်၊ အဓိက ဟင်းလျာအဖြစ်သုံးဆောင်ရလိမ့်မယ်လို့ ဘယ်သူမှ ကြိုမြင်ခဲ့ကြမယ် မထင်ပါဘူး။

အဲ…..ခေါက်ဆွဲပြုတ်လေး စားဖို့ပြင်ဆင်နေကြတုန်း ကျောင်းဝင်းအပြင်ကနေ အော်သံကြီးတစ်ခု ဟိန်းခနဲကြားလိုက်ရတယ်။ နောက်တော့ စကားလုံးတွေ၊ စကားလုံးတွေ။ ဆက်တိုက်၊ ဆက်တိုက်။ နည်းနည်းလှမ်းတော့ အသံတွေ သဲသဲကွဲကွဲမကြားရပါဘူး။

ဝါးဦးထုပ်လေးတွေ၊ အနီရောင်ပိတ်စလေးတွေ၊ အင်္ကျီဖြူဖြူလေးတွေကို ဝိုးတဝါးမြင်လိုက်ရတယ်။

ဝိုးတဝါးမြင်ရဆို ကျွန်တော် တို့ အားလုံး စာရေးတဲ့ခုံတွေအောက်မှာ ဝပ်နေခဲ့ကြရတာကိုး။

ကျနော်တို့ကို အင်္ဂလိပ်စာသင်ပေးတဲ့ အတန်းပိုင်ဆရာမလည်း တော်တော်လေးလန့်နေပြီး ကျနော်တို့နဲ့ အတူတူပုန်းနေခဲ့တယ်။ ခဏကြာတော့ အသံတွေရော၊ အဲဒီလူအုပ်ကြီးရော ပျောက်သွားခဲ့တယ်။

အဲဒီတော့မှ ကျနော်တို့အတန်းပိုင်ဆရာမက တန်းရှေ့က စတိတ်ခုံပေါ်မှာရပ်ပြီး ဘာမှမကြောက်ဖို့၊ ခုနက လူအုပ်ကြီးပြောသွားတာတွေ နားမယောင်ဖို့၊ အဲဒီလူအုပ်ကြီးကိုလည်း ဆရာမတို့က စာသင်ပေးဖူးပြီး အခုလို ဆရာ၊ ဆရာမတွေကိုပြန်ပြီး စော်ကားနေတဲ့အကြောင်း သေချာလေး ရှင်းပြပေးတယ်။

မြေမြိုမယ့်ကလေးလေးတွေလို့တောင် ပါသေးတယ်။ အဲဒီ လူအုပ်ကြီးထဲက လူတွေလည်း မြေမမြိုကြသေးပါဘူး။ ဒုက္ခတွေမြိုခြင်းကိုပဲ ခံကြရသေးတယ်။

အခုပညာသင်နှစ်မှာလည်း မြို့ပေါ်မှာ ကျောင်းတွေမဖွင့်ခင် ဆရာ၊ဆရာမတွေကိုအရင် သင်တန်းပေးတဲ့ အစီအစဉ်တွေရှိရဲ့။

အတွေ့အကြုံရင့်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက အတွေ့အကြုံနုနယ်ကြသေးတဲ့ ခေတ်သစ် ဆရာ၊ဆရာမလေးတွေကို ပြန်လည်ပို့ချခြင်း ဆိုပါတော့။

ဒါသည်လည်း အဆန်းတော့ မဟုတ်သေး။ စာသင်တယ်ဆိုတာ အဆန်းမှမဟုတ်တာ။ အချိန်တွေပြောင်းလာသလို သင်ရမယ့်စာ အသစ်တွေတိုးလာမယ်။ လျှော့လိုက်တာတွေရှိမယ်။

စာကိုသင်တဲ့အပြင် စိတ်ကိုပါသင်ပေးလာမယ်။ သင်ယူရမယ့် ပုံစံတွေကလည်း ပြောင်းလာမယ်။ ဗဟိုပြုမယ့်၊ အခြေခံမယ့် အရာတွေဟာလည်း အသစ်တွေလဲလာမယ်။ ဒါသဘာဝပဲလေ။

သဘာဝမကျတာက အဲဒီ အတွေ့အကြုံတွေများပါတယ်ဆိုတဲ့ ဆရာကြီး၊ ဆရာမကြီးတွေက အမှန်ကိုမပြောရဲကြ‌တဲ့အပြင် သမိုင်းအမှားတွေ တရစပ်သွပ်သွင်းလိုက်ကြတာပါဗျာ။

ဆရာကြီးတို့ ၈၈ တုန်းကလည်း ပြကြတာပဲ၊ မှောက်ကြတာပါပဲ။ ပြီးတော့ ၉၀ခုနှစ်မှာ ဟိုအသစ်တရပ်ပေါ်လာပြီး အားလုံးအေးဆေးဆေးဆေး ဖြစ်သွားတာပါပဲ။

အခုလည်း မကြာတော့ဘူး အားလုံးအေးဆေးတော့မှာပါ၊ နိုင်ငံရေးက အခြေခံလူတန်းစားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မဆိုင်ဘူး၊ သိရင်တောင် အန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးတွေ၊ ဒီလိုအခြေ‌အနေမျိုးမှာ blacklist ဖြစ်‌နေသူတွေလည်း ဖြေသင့်နေပြီ ဘာညာပေါ့။

တချို့ဆရာ၊ ဆရာမ‌အသစ်လေးတွေက blacklist ဆိုတာကိုတောင် မသိပါဘူး။ အရင်က ဒီလိုကိစ္စတွေ ကျွန်တော် တို့ကြားဖူးခဲ့‌ပေမဲ့ မကြုံဖူးတော့သိပ်မသိဘူးပေါ့ဗျာ။

သဘာဝမကျရုံမကလို့ တက်ပါတက်သွားလည်း အခုခေတ်အ‌ခြေအနေအရ ဒါသည်ဖြစ်ကိုဖြစ်ရမယ့်၊ ဖြစ်ကိုဖြစ်နေမယ့် ကိစ္စကြီးတစ်ခုဆိုတာ ကြိတ်မှိတ်ပြီး လက်ခံနေရတယ်။

စာသင်ခန်း‌ထဲမှာ လက်ရှိ သင်ယူလေ့လာသူက အယောက်၃၀ ဝန်းကျင်ဆိုပေမဲ့ အဲဒီ ၃၀ကနေ ထပ်စီးဆင်းထွက်လာတဲ့အရာတွေ ရောက်ရှိသွားမဲ့ လူမမယ် ကလေးလေးတွေက တစ်ပုံတပင်ကြီး။

စာရေးဆရာတစ်ယောက် ပြောသလို နလပိန်းတုံးကြီးကြီးတွေက နလပိန်းတုံးသေးသေးလေးတွေ မွေးထုတ်မှာတဲ့။ အဲစကားစကြားတုန်းက အ‌သံကျယ်ကျယ်နဲ့ ရယ်နေမိသေးတယ်။ အခုပြန်တွေးကြည့်တော့ မရယ်နိုင်တော့ဘူး။ အဲဒါ ကျွန်တော် တို့အနာဂတ်နဲ့ ဆိုင်သွားတယ်ဆိုတာ သိသွားတာကိုး။

ကျွန်တော် အခု ဒီစာရေးနေရင်းတောင်မှ တချို့ဆရာ၊ ဆရာမတွေကို ဆရာ၊ဆရာမတွေလို့ မသုံးနှုန်းချင်ဖြစ်မိတယ်။

အဲလိုပြောလို့ ကျ‌နော်ဟာ ကျေးဇူးကန်းတတ်တဲ့လူ၊ အပြစ်ရှိတဲ့သူ ဖြစ်သွားမလားလို့လည်း တွေးမိရဲ့။ အပြစ်ရှိတယ်လို့ ပြောလာရင်လည်း အဲဒီအပြစ်တွေကို ကျေကျေနပ်နပ်ခံယူပါမယ်။ ရှိပါစေတော့ပေါ့လေ။

ကျောင်းတွင်းအုတ်နံရံ‌ပေါ်က အစိမ်းရောင်အောက်ခံဗွီနိုင်းမှာ အဖြူရောင် စာလုံးလေးတွေ မြင်ရရဲ့။

“ကျွန်မတို့က လူငယ်တွေကို
စာဖတ်စေချင်တယ်။
လူငယ်တွေကို
စာဖတ်စေချင်တယ်ဆိုတာ
လူငယ်တွေရဲ့ ကမ္ဘာကြီး
ကျယ်သွားအောင်လို့ပါ။”

ရေးထားတဲ့ စကားလုံးတွေက တွေးစရာကောင်းရဲ့။ ဆွေးစရာလည်း ကောင်းရဲ့။ လူငယ်တွေရဲ့ ကမ္ဘာကြီးကျယ်သွားဖို့ပြောတဲ့သူ ကိုယ်တိုင်က အကျဉ်းထဲမှာ။ သူပြောတဲ့စကားရဲ့အောက်မှာ ရေးထားတဲ့သူ့နာမည်လေးက တိတ်ကလေးနဲ့ အဖုံးခံထားရသတဲ့။

စာဖတ်တဲ့သူတွေရဲ့ ကမ္ဘာကြီးကကျယ်လာတယ်လို့သာ ပြောကြတာ မျက်တွေ့မှာတော့ သူတို့ရဲ့ နေစရာနေရာတွေ ကျဉ်းသထက်ကျဉ်းကုန်တယ်၊ ကျပ်သထက်လည်း ကျပ်ကုန်ရဲ့။

အကျဉ်းထဲရောက်နေတဲ့ အပေါ်က အတွေးအခေါ် ရဲ့ ပိုင်ရှင်ကို ကျွန်တော် သိပေမဲ့ ဗွီနိုင်းပေါ်မှာ အတွေးအခေါ်ပိုင်ရှင်အမည်ကို ဖုံးကွယ်ပြီး ကပ်ထားတဲ့တိတ်ရဲ့ တာဝန်ရှိသူကို ကျွန်တော် မသိပါဘူး။ ကျွန်တော် မရဲတရဲ တွေးကြည့်တယ်။ ကျောင်းရဲ့တာဝန်ရှိသူဟာ ဘယ်သူလဲပေါ့။ ရှိတဲ့တာဝန်တွေကို သူကျေပွန်နေလား။ ကျောင်းသား၊ ကျောင်းသူတွေအပေါ် စေတနာ၊ မေတ္တာတကယ်ရှိနိုင်လားပေါ့။

နောက်ဆုံး ကျွန်တော် တွေးမိတာက ကျွန်တော့ ကိုယ်တိုင်လည်း စာမဖတ်တတ်ခဲ့ရင်ကောင်းမယ်။ စာဖတ်ပြီး အခုလောက်ထိ ကျွန်တော် လိုက်တွေးတော့ ကျွန်တော် ပဲဆွေးရတယ်။

တဆက်တည်းမှာပဲ လွတ်လပ်စွာမဟုတ်တဲ့ အခြားနေရာတွေမှာရော ဘယ်လိုမျိုးတွေဖြစ်နေမလဲလို့ ခပ်ပေါ့ပေါ့လေးတွေးမိတယ်။ လေးလေးနက်နက်မတွေးရဲဘူး။ အသက်ရှူကြပ်မှာစိုးလို့။ ကျောင်းတွေထဲမှာ ရေးထားတဲ့ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသလို စာတော်တာ မတော်တာ
ခဏထား။ ကျောင်းနေတဲ့ကလေးလေးတွေ ပျော်ကြရဲ့လား။ ကျောင်းက ပျော်စရာကောင်းနေရဲ့လား။

ကျောင်းပြင်ပမှာ‌ရော ပျော်စရာတွေရှိရဲ့လား။ သူတို့တွေအတွက် ပျော်စရာဆိုတာ တကယ်ရှိရဲ့လား။

ကျွန်တော် တို့ငယ်ငယ်ကလို ကျောင်းရှေ့လာရ‌ပ်ပေးမယ့် လူအုပ်ကြီးမရှိပေမဲ့ ဆရာ၊ ဆရာမတွေကရော စာသင်ခုံတွေအောက်မှာ ဒါမှမဟုတ် တစ်နေရာရာမှာ ဒါမှမဟုတ် တယောက်ယောက်ဆီမှာများ ဝပ်နေမလားဗျာ။

ပညာမြင့်မှလူမျိုးတင့်မယ်ဆိုတာသာ တကယ်ဆိုရင် ကျွန်တော် တို့လူမျိုးတွေ တင့်တယ်နိုင်ပါဦးမလား။ အခြားလူတွေ သတိထားမိလောက်အောင်ထိ အသံကျယ်ကျယ်နဲ့ အော်ပေးကြမဲ့သူတွေလည်း အနီးအနားမှာရှိမနေကြတော့ဘူး။

အများရဲ့အနာဂတ်တွေနည်းတူ သူတို့အနာဂတ်တွေလည်း ဝေဝါး၊ ထွေပြား။ အနာတရတွေ အထွေးသား။ ဝေးဝေးကနေ ချစ်ခြင်းမေတ္တာတွေပဲ ပို့ပေးနိုင်တယ်။ လူချင်းဝေးနေပေမဲ့ စိတ်ချင်းနီးနေကြဖို့ဆို မေတ္တာလိုမယ် မဟုတ်လား။

ဒေသအသီးသီးက ကျွန်တော် တို့ရဲ့ ကျောင်းနေအရွယ် အနာဂတ်‌လေးတွေ ကျန်းမာပါစေ။ လုံခြုံပါစေ။ ဘေးကင်းပါစေ။ အနာတရတွေ နည်းပါးပါ‌စေ။ လိုချင်နေတာတွေ၊ လိုအပ်နေတာတွေ အမြန်ဆုံးပြန်ရပါစေ။ မလိုချင်တာတွေနဲ့ အမြန်ဆုံးဝေးကွာပါစေ။

ပစ်တိုင်းထောင်