ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်

July 1, 2026

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာက ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့က ဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်က လမ်းဘေးတစ်နေရာတွင် ဖုန်းပြောနေသည့် ကိုယ်ဝန်ဆောင်မိန်းကလေးကို သတ္တုမိုင်းလုပ်သားတစ်ဦးက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါအမျိုးသားကို ဇွန်လ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် မြောင်းပြိုရွာသင်္ချိုင်းကုန်း၌ KNLA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ စီရင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ကောင်မလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့နေရာအနီးမှာ သူက ရေချိုးနေတယ်။ အစပိုင်းမှာ သူမဟုတ်ဘူးဆိုပြီး ငြင်းတယ်ပေါ့နော်။ နောက်မှ စစ်ဆေးမေးမြန်းမှ ဝန်ခံလာတာလို့ပြောတယ်” ဟု တောင်သုံးလုံးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကိုယ်ဝန်ဆောင်မိန်းကလေး၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်သည့်နေ့တွင် အဆိုပါအမျိုးသားကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် ကိုယ်ဝန်ဆောင် မိန်းကလေးသည် အသက် ၁၅ နှစ်အရွယ်ဖြစ်ပြီး ကိုယ်ဝန် ၈ လ ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သတ္တုခဲမိုင်းလုပ်သားမှာ အသက် ၁၉နှစ်အရွယ်ဖြစ်ပြီး ပဲခူးတိုင်းမှ လာရောက်ပြီး ထားဝယ်ခရိုင်တွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရွာသားတွေကလည်း ကန့်ကွက်ကြတယ်ပေါ့နော်၊ အဲဒီလိုလူမျိုးကို ထားလို့မရဘူး။ ရှင်းပစ်ဖို့ပဲပြောကြတယ်။ အဲ့ဒီက ခဲလုပ်သားတွေကလည်း အဲဒီလိုပဲ ပြောကြတယ်လို့ပြောတယ်။ သူတို့လည်း နာမည်ပျက်တယ်ပေါ့နော်။ အဲဒါနဲ့ နောက်တစ်နေ့မှာပဲ ရှင်းပစ်လိုက်တယ်လို့ပြောတယ်” ဟု အရှေ့တောအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဒဏ်စီရင်မှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူးနှင့် KNLA တပ်ရင်း(၁၂) တပ်ရင်းမှူးတို့ကို Dawei Watch က ဇွန်လ ၂၅ ရက်တွင် စာဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ ဇူလိုင်လ ၁ ရက်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။