ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့အနီး စစ်ပြဲရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်

July 1, 2026

ပုံစာ - တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းဆောင်အချို့။

လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် စစ်ပြဲကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၁၁ နာရီကျော်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာဘက်သို့ တောလမ်းအတိုင်း ရောက်လာစဉ် စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်း တစ်ကျောင်းအနီးအရောက်တွင် တော်လှန်ရေးတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အပြန်အလှန်ပဲ ပစ်တာလား၊ ဘယ်လို ပစ်တာလဲတော့ မသိဘူး။ ကိုယ့်ဘေးနားမှာ လာပစ်နေသလို ရုတ်တရက် ထပစ်တာဆိုတော့ ထမင်းစားဖို့ မပြောနဲ့ ဘာတစ်ခုမှကို မယူနိုင်ဘူး။ လူကို မနည်းလွတ်အောင် ပြေးထွက်လာရတယ်“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်မှုမှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ယင်းနောက် ပစ်ခတ်သံများ ထပ်မံမကြားရတော့ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့အနီးရှိ စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ‌အောက်ရေဖြူ၊ ကဒက်ကြီး စသည့် ကျေးရွာအုပ်စုများကို မေလ အစကတည်းက စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးလာသဖြင့် မေလ ၂၈ ရက်က ကဒက်ကြီးရွာတွင် တစ်ကြိမ်၊ ဇွန်လ ၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ပြဲကျေးရွာတွင် နှစ်ကြိမ် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်သည့် နေရာအနီးရှိ ရပ်သားနေအိမ်များကိုလည်း စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသဖြင့် စစ်ပြဲကျေးရွာတွင် နေအိမ် ကိုးဆောင်နှင့် စပါးကျည်နှစ်ခု၊ ကဒက်ကြီးရွာတွင် နေအိမ် ခြောက်ဆောင်တို့ကို ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်အာဏာရှင်တပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့သော ဇွန်လ ၁၄ ရက်က စစ်ပြဲရွာတိုက်ပွဲအပြီး စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ဘက်သို့ ပြန်ဆုတ်သွားသလို ကျန်ခဲ့သည့် စစ်ကြောင်းမှာလည်း တောထဲတွင် တပ်ဖျောက်ထားကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးသွားသော စစ်အာဏာရှင်တပ်သား အလောင်းတို့ကိုမူ တွင်းတစ်ခုတည်းတွင် မြှုပ်နှံထားခဲပြီး စစ်အာဏာရှင်တပ် ရွာထဲမှ ထွက်သွားချိန် ဒေသခံများက ရှာတွေ့သဖြင့် မီးသင်္ဂြိုဟ်ခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် စစ်ပြဲနှင့် ညင်းမော်ကျေးရွာတို့က ဒေသခံအချို့မှာ ရွာထဲဝင်ရောက်နေထိုင်ခြင်း မရှိသေးဘဲ ယနေ့အချိန် အထိ တိမ်းရှောင်နေကြရသည်။

ရွာထဲဝင်ရောက်နေသူ ဒေသခံများလည်း ယနေ့ ဇူလိုင်လ ၁ ရက်တွင်မူ ထပ်မံ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားသဖြင့် ထပ်မံထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ပြဲကျေးရွာအတွင်း စစ်အာဏာရှင်တပ် တပ်စွဲခဲ့သည့် ဘုန်းကြီးကျောင်းရှိ သုံးထပ်ကျောင်းဆောင် ခေါင်မိုး လုံးဝပျက်စီးသွားသည့်အပြင် အခြားအရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။