မြန်မာစစ်အုပ်စုက ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) စနစ်ကို ဖျက်သိမ်းပြီး ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်တစ်ခုတည်းဖြင့် နေထိုင် အလုပ်လုပ်ခွင့်ပြုရန် မြန်မာအလုပ်သမားများက တောင်းဆိုကြသည်။
ယနေ့ မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေဒေးနေ့တွင် မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ရှိ Bangkok Art and Culture Centre (BACC) ရှေ့တွင် CI စာအုပ်ဖျက်သိမ်းပေးရေးအပါအဝင် အချက်အချို့ကို တောင်းဆိုကြကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ယခုဆန္ဒပြတောင်းဆိုပွဲကို Bright Future အဖွဲ့ခေါင်းဆောင် ကိုစူရတ်အပါအဝင် မြန်မာအလုပ်သမားများက ပါဝင်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် သမ္မတရာထူးယူထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ ရှုတ်ချရန် တောင်းဆိုကြသည်။
မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံနေသော CI စာအုပ်စနစ်ကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုကြသည်။






CI စာအုပ်လုပ်ရန် ပေးသွင်းရသော အခွန်များသည် မြန်မာအလုပ်သမားများထံမှ ငွေညှစ်ခံရပြီး စစ်အစိုးရထံသို့ စီးဝင်စေသဖြင့် ဖျက်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြု ထုတ်ပေးထားသည့် ပန်းရောက်ကတ်တစ်မျိုးတည်းဖြင့် နေထိုင်လုပ်ကိုင်ခွင့်၊ သွားလာခွင့်ပြုရေးများကို တောင်းဆိုကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန်နှင့် ပြန်လွှတ်ပေးရန်တို့ကို မြန်မာအလုပ်သမားများက တောင်းဆိုခဲ့သလို အခြားအလုပ်သမားအရေး တောင်းဆိုချက်များပါသော စာတမ်းများကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်ကို တွေ့ရသည်။
Ref: The Reporter, Prachatai






