ကြားခံပွဲစားများမှတစ်ဆင့် ပြုလုပ်နေရသော E-Work Permit စနစ်ကို ဖျက်သိမ်းပေးရေး အပါအဝင် အလုပ်သမား အခွင့်အရေးများကို ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် တောင်းဆိုကြသည်။
မေဒေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချီတက်တောင်းဆိုပွဲတွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားများနှင့်အတူ ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ ဘန်ကောက်မြို့ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် (အနုစာဝရီ) မှစတင်၍ အစိုးရအိမ်တော်သို့ လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ချီတက်တောင်းဆိုပွဲတွင် ထိုင်းနိုင်ငံသားများအပါအဝင် မြန်မာအလုပ်သမားများလည်း ပါဝင်ခဲ့ပြီး အလုပ်သမားထောင်ချီ ပါဝင်တောင်းဆိုခဲ့သည်။
အလုပ်သမားများ၏ နေထိုင်မှုစရိတ် မြင့်တက်လာမှု၊ စက်သုံးဆီဈေးကြီးလာမှု၊ လုပ်ငန်းခွင် မလုံခြုံမှုများကို ထောက်ပြခဲ့ကြပြီး လုပ်အားခ ဘတ် ၇၀၀ ကျော်အထိ တိုးမြှင့်ပေးရေး၊ အလုပ်အကိုင်တည်ငြိမ်မှုရှိရေးနှင့် လူမှုဖူလုံရေး အရ အခွင့်အရေးများ ပိုမိုရရှိလာရေးအပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြသည်။









မြန်မာအလုပ်သမားများကလည်း အလုပ်လုပ်ခွင့်လက်မှတ်နှင့် CI စာအုပ်များ ပြုလုပ်ရာတွင် ကြားခံပွဲစားများ မရှိ စေရေးနှင့် အလုပ်သမားများ၏ ကိုယ်ပိုင်ဝင်ငွေများမှာ ပွဲစားများထံ ရောက်ရှိနေသဖြင့် ထိုင်းအစိုးရအနေဖြင့် တားဆီးပေးရန် တောင်းဆိုခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
ယင်းအပြင် ကြားခံပွဲစားများကတစ်ဆင့် ပြုလုပ်နေရသော E-work permit စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြ ကြောင်း ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) က ကိုဇော်က ပြောသည်။
“အခုလုပ်နေတဲ့ E-work permit စနစ်က မြန်မာအလုပ်သမားတွေအတွက် လုပ်ငန်းစဉ် အရမ်းရှုပ်ထွေးတယ်။ Email တွေ ဖွင့်ရတယ်။ ကိုယ်တိုင်လုပ်လို့အဆင်မပြေတော့ ပွဲစားတွေကနေတစ်ဆင့် သွားရတော့ ပိုကုန်ကြတာပေါ့။ ဒါကို ဖျက်သိမ်း ပေးဖို့ ကဆုန်လိုင်ငန် (အလုပ်သမားရုံး) အထိ သွားရောက်တောင်းဆိုထားတယ်” ဟု ၎င်းက ပြောဆိုသည်။
E-work permit စနစ်ကို ယခုနှစ်တွင် ထိုင်းအစိုးရက စတင်လုပ်ဆောင်ခဲ့ပြီး အလုပ်သမားများ work permit ကတ်မရမီ လပေါင်းများစွာ အလုပ်ပြောင်းရွှေ့ခွင့် မရခြင်း၊ အလုပ်လျှောက်ထား၍ မရခြင်းများ ကြုံတွေ့ခဲ့ကြသည်။
တောင်းဆိုချက်များတွင် ကလေးမီးဖွားခွင့် ရက် ၁၈၀ ရရှိရေးနှင့် ILO က ပြဋ္ဌာန်းထားသော အလုပ်သမားများ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ သဘောတူညီချက် အမှတ် ၈၇ နှင့် ၉၈ တို့ကို ထိုင်းအစိုးရဘက်က လက်မှတ်ထိုးပေးရန်လည်း ပါဝင်ကြောင်း သိရသည်။






