သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ကျေးဇူးတင်ရှိခြင်း)

0
3905
ဓာတ်ပုံ - HAK...Book

ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။

အထူးသဖြင့် နှစ်ပေါင်းများစွာ တောတောင်တွေထဲ ခက်ခဲကြမ်းတမ်းစွာ အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှ ဘဝတူရဲဘော်ရဲဘက်တွေ၊ တခြား တပ်ရင်း စခန်းအသီးသီးက ရဲဘော် ရဲဘက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရှားပါးဓာတ်ပုံတွေ ရှာဖွေပေးတဲ့၊ ကျနော်မေးမြန်းသမျှကို ဖြေကြားပေးကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ပထမ ဆုံး ပြောချင်ပါတယ်။

ဒုတိယ အနေနဲ့ကတော့ ဒီစာအုပ်အတွက် အမှာစာရေးပေးတဲ့ လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲနဲ့တကွ ကျနော်မေးမြန်းသမျှအချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ ရှာဖွေပေးခဲ့တဲ့ လက်ရှိ ဗဟိုကော်မီတီတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။

တတိယ အနေနဲ့ကတော့ ဒီလိုစာအုပ်မဖြစ်ခင်မှာ အခန်းဆက်ဆောင်းပါး ၅၂ ခုကို အပါတ်စဉ်ဖေါ်ပြပေးခဲ့တဲ့ ဧရာဝတီမဂ္ဂဇင်းမှ အယ်ဒီတာများနှင့် စာပေရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

စတုတ္တ အနေနဲ့ကတော့ ဒီစာအုပ် ထုတ်ဝေရေးအတွက် အစစအရာရာ ကူညီပေးခဲ့တဲ့ Dawei Watch မှ စာပေရဲဘော်များအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ပဉ္စမအနေနဲ့ကတော့ ကျေးဇူးတင်တာအပြင် အသိပေးတောင်းပန်မှုတခုကိုလည်း ပြုလုပ်ချင်ပါတယ်။ ဒီစာအုပ်မှာဖေါ်ပြထားတဲ့ ဓာတ်ပုံအများစုဟာ မူရင်းရိုက်သူ ဘယ်သူမှန်းမသိတော့ပါ။ စခန်းမှာနေစဉ်၊ စစ်ကြောင်းထွက်နေစဉ် တာဝန်ကျသူတွေက ရိုက်ပေးထားကြတာဖြစ်တဲ့အတွက် “ဓာတ်ပုံရိုက်ပေးတဲ့ တော်လှန်ရေးရဲဘော်များ” အားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ တဦးချင်း၊ တပုံချင်းစီအတွက် သက်ဆိုင်သူတွေဆီ တိုက်ရိုက်ခွင့်ပြုချက်တောင်းခံဖို့ မလွယ်တဲ့အခြေအနေကို နားလည်ပေးကြပါလို့ တောင်းပန်လိုက်ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဒီလိုမျိုး “ရဲဘော်သူငယ်ချင်း” တွေရဲ့ ဘဝတွေနဲ့ ရင်းပြီးရေးထားရတဲ့ စာအုပ်ဖြစ်တဲ့အတွက် ဒီစာအုပ်ရာင်းရငွေတွေကို (စာအုပ်ထုတ်ဝေဖန့်ဖြူးမှု ကုန်ကျစရိတ်မှအပ) ဒဏ်ရာရ ABSDF မိသားစုများကိစ္စနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေအတွက် အတတ်နိုင်ဆုံး လှူဒဏ်းသွားမှာဖြစ်ကြောင်း စာဖတ်ပရိသတ်များအား အသိပေးတင်ပြလိုက်ရပါတယ်။


လေးစားစွာဖြင့်

ထက်အောင်ကျော်
၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်။

စာရေးသူရဲ့ အမှာစာ >>>>>
ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>