သတင်းအတု၊ သတင်းအမှားတွေကြားက တနင်္သာရီ

0
1204

“ရွာထဲကို စစ်ကြောင်းဝင်လာနေတယ်တဲ့”

ပြောလက်စ လက်ကိုင်ဖုန်းကိုချပြီး ထမင်းဝိုင်းဖက်လှည့်ကာ ကိုမိုးနိုင်က အသံခပ်အုပ်အုပ်နဲ့ အသိပေးလိုက်တယ်။

တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောပြလာတဲ့ သတင်းစကားကို သူ့မိသားစုကို တစ်ဆင့်ပြန် ပြောပြလိုက်တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလည်း အိမ်ရှေ့ဝရံတာကို အပြေးအလွှားထွက်သွားပြီး အခြေအနေကို အကဲခတ် ကြည့်လိုက်တယ်။

ရွာအပြင်ဘက်ကို ဦးတည်နေကြတဲ့ ရွာသားတွေရဲ့ ဆိုင်ကယ်တန်းကြီး။ အချိန်က ည ၈ နာရီကျော်၊ ပုံမှန်ဆို ဒီအချိန် လမ်းပေါ်မှာ လူသူမရှိတတ်။ ကိုမိုးနိုင် ချက်ချင်းသ‌ဘောပေါက်သွားပြီး ထွက်ပြေးဖို့ ပြင်ဆင်ရပါတော့တယ်။

“သူများတွေ ထွက်ပြေးနေကြပြီဆိုတော့ ကျွန်တော်လည်း နေလို့မရတော့ဘူးလေ။ စစ်ကြောင်းက ရွာနားက တောထဲကို ရောက်နေပြီလို့ ပြောတာကိုး” လို့ သူက ဆိုပါတယ်။

ရွာထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနေပြီဆိုတဲ့ ကောလာဟလသတင်းစကားကို ဘယ်သူက စဖြန့်လိုက်တယ်မသိ။ ကိုမိုးနိုင်တို့ တစ်ရွာလုံးကတော့ ရုတ်ရုတ်သဲသဲနဲ့ ညတွင်းချင်း ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ ညကသတင်းစကားဟာ မနက်မိုးလင်းတဲ့ အချိန်ကျမှ အမှားကြီးမှန်း သိခဲ့ကြရပါတယ်။

အဲဒီအဖြစ်အပျက်က လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ဒီနှစ် နိုဝင်ဘာလတုန်းက ဖြစ်ပျက်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း အကြောက်တရားနဲ့ နေထိုင်နေကြရတဲ့ ပြည်သူတွေကြားထဲ ဒီလိုကောလာဟလသတင်းတွေက အမြဲလိုလို ကြားနေကြရတာပါ။ အထူးသဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့နေရာတွေမှာ အဲဒီလို ကောလာဟလ သတင်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။

လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာတာနဲ့အမျှ စစ်ရေးနဲ့ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ ကောလာဟလတွေ၊ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်တိုက်ခိုက်တာတွေ၊ တော်လှန်ရေးကို ပုံဖျက်ဖို့ ကြိုးပမ်းတာတွေ၊ အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာတွေ များစွာ တွေ့လာရပါတယ်။

လောင်းလုံးအပြင် တိုင်းထဲက တခြားမြို့နယ်တွေမှာလည်း အလားတူ ကောလာဟလသတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိတယ်လို့ ထားဝယ်ဒေသက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“အမှားတွေက မြေပြင်မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်။ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရဖို့ အရေးကြီး တယ်။ ရလာတဲ့သတင်းအချက်အလက်အပေါ်မှာ မူတည်ပြီး အလုပ်လုပ်ရတယ်။ ဥပမာ ရွာတစ်ရွာမှာ စစ်ကြောင်းထိုး နေတယ်လို့ သတင်းထွက်တယ်။ တကယ်က စစ်ကြောင်းမထိုးဘူး။ အဲဒီလိုဆိုရင်ပြည်သူတွေက တကယ်မဖြစ်ဘဲ ပြေးနေလွှားနေရတာရှိတယ်” သူက ဆိုပါတယ်။

ကျေးရွာတွေ ပြောင်းရွှေ့ရမယ်ဆိုတဲ့ ကောလာဟလ

ဒီကောလာဟလသတင်းကလည်း လူတွေအပေါ် အတော်လေးရိုက်ခတ်မှုရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က ရွာတွေထဲ စစ်ကြောင်းထိုး၊ နေအိမ်မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံတွေဟာ ကိုယ့်ရွာမှာကိုယ် မနေရဲဘဲဖြစ်လာကြပါတယ်။

အဲဒီစိုးရိမ်စိတ်ကို အသုံးချပြီး ကျေးရွာတွေ ပြောင်းရွှေ့ရမယ်ဆိုတဲ့ သတင်းအမှားတွေကို ဖြန့်ဝေခဲ့ကြတာပါ။ အဲဒီအကြောင်း အရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ရေးသားပြီး ဒီနှစ် နိုဝင်ဘာလ ၁ရက်နေ့က ဖော်ပြခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ ကောလာဟလ သတင်းအမှားနှစ်ခုကိုကြည့်ရင် ပထမအမျိုးအစားက စိုးရိတ်စိတ်‌ကြောင့်ရယ်၊ သေချာ မစိစစ်နိုင်တာကြောင့်ရယ် ဖြစ်ပေါ်လာတာလို့ ယူဆရပါတယ်။

ဒုတိယ အမျိုးအစားကျတော့ အကျိုးစီးပွားတွေ ပါဝင်နေပါတယ်။

အကွက်ရိုက်မြေတွေ ရောင်းထွက်ရေးဆိုတဲ့ အကျိုးစီးပွားအတွက် ကောလာဟလ သတင်းအမှားကို တမင်ထုတ်လွှင့်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်။

ကောလာဟလသတင်းနဲ့အတူ တဆက်တည်းရှိနေတာက သတင်းအတု၊ သတင်းအမှားတွေပါ။

သတင်းအတု၊ သတင်းအမှား

သတင်းအတု၊ သတင်းအမှားတွေလည်း ပျံ့နှံ့မှုများပြားလာပါတယ်။

နမူနာ တစ်ခုအနေနဲ့ လူရွှင်တော်တိုင်းကျော် သေဆုံးသွားပြီဆိုတဲ့ သတင်းအမှားတစ်ခုကို စစ်ကောင်စီ ထောက်ခံသူ မြိတ်ဒေသခံတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့က မျှဝေထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

တကယ်တော့ လူရွှင်တော်တိုင်းကျော်ဟာ ဒီနေ့အထိ တော်လှန်ရေးလုပ်ငန်းတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နေဆဲပါ။

နောက်ထပ် နမူနာတစ်ခုအနေနဲ့ ထားဝယ်အခြေစိုက် ဇမ္ဗူသိရီ ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးနိုင်မျိုးသွင် အသတ်ခံလိုက်ရဆိုတဲ့ သတင်းမှားလည်း ပျံ့နှံ့ခဲ့တာပါ။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

တကယ်က ဦးနိုင်မျိုးသွင်ကို ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီး စစ်ဆေးမေးမြန်းပြီး ၁၁ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးနိုင်မျိုးသွင် ဖမ်းဆီးခံထားရချိန်မှာ အသတ်ခံရလိုက်ပြီဆိုတဲ့သတင်း တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့သလို လူထုကြားမှာလည်း အဲဒီသတင်း ပျံ့နှံ့ခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Dawei Watch သတင်းဌာနက အချက်အလက် စိစစ်ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဦးနိုင်မျိုးသွင် အဖမ်းခံရတဲ့ အဖြစ်အပျက်အမှန်ကို အသုံးပြုပြီး မဟုတ်မှန်တဲ့ အချက်အလက်တွေကို ထည့်သွင်း ရောနှောဖော်ပြတာကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။

သတင်းအမှားတွေဟာ သာမန်ရိုးကျ ရည်ရွယ်ချက်မရှိဘဲ မှားတာရှိသလို အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို တိုက်ခိုက်တဲ့သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီတာတွေလည်းရှိပါတယ်။

ဦးနိုင်မျိုးသွင်ကိစ္စ သတင်းအမှားကတော့ အစုအဖွဲ့တစ်ခုကို တိုက်ခိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ ဖြန့်ချီခဲ့ဆိုတဲ့ တွေ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ပရဟိတသမားကို သတ်တဲ့ အကြမ်းဖက်သမားလို့ ပုံဖျက်ဖို့ အချိန်ကိုက် သတင်းမှား ဖြန့်ခဲ့တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိ နဲ့ ဖြန့်ချီတဲ့သတင်းအမှားတွေကတော့ နောက်ကွယ်မှာ အဖွဲ့အစည်း တစ်ခုခုက ကြိုးကိုင်စီမံပြီး စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်ရှိရှိ ဖြန့်တဲ့သတင်းအမှားတွေဟာ Facebook ၊ Youtube ၊ Telegram (တယ်လီဂရမ်) စတဲ့ လူမှုကွန်ရက်တွေကနေ ဖြန့်ချီလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး “လူဖမ်းပွဲအခါတော်ပေး စစ်ကောင်စီအားပေး ဝါဒဖြန့်ချယ်နယ်များ” ခေါင်းစဉ်နဲ့ Dawei Watch က သတင်းဆောင်းပါးဖော်ပြခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

တနင်္သာရီတိုင်းကို ပစ်မှတ်ထားတာများလာ

တနင်္သာရီတိုင်းမှာတော့ သတင်းအတု၊ သတင်းအမှား၊ ကောလာဟလသတင်းမျိုးစုံ အွန်လိုင်းပေါ်မှာရော၊ မြေပြင်မှာပါ ပျံ့နှံ့လေ့ရှိပါတယ်။

အွန်လိုင်းက ပျံ့နှံ့လာတဲ့ သတင်းအမှားတွေဟာ Facebook နဲ့ တယ်လီဂရမ် စတဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အများဆုံးပျံ့နှံ့တာကိုတွေ့ရပါတယ်။

အာဏာသိမ်းပြီး‌နောက်ပိုင်းပေါ်လာတဲ့ စစ်ကောင်စီအားပေး တယ်လီဂရမ်ချယ်နယ်တွေက
တနင်္သာရီတိုင်းနဲ့ ပတ်သတ်တဲ့ သတင်းအတု၊ သတင်းအမှား ရာပေါင်းများစွာ ဖြန့်ချီခဲ့တာကိုတွေ့ရပါတယ်။

အဲဒီအထဲက အကြောင်းအရာတချို့ကို Dawei Watch က အချက်အလက် စစ်ဆေးဖော်ပြနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လကနေ နိုဝင်ဘာလအထိ တနင်္သာရီတိုင်းကို ဦးတည်ချက်ထားပြီး စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်က ဖြန့်ချီတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်ပြန်လည် စိစစ်ထားတဲ့ အကြောင်းအရာ ရှစ်ခုကို

ဒီနေရာ၊

ဒီနေရာ၊

ဒီနေရာ၊

ဒီနေရာ၊

ဒီနေရာ၊

ဒီနေရာ၊

ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

အမုန်းစကား

သတင်းအတု၊ သတင်းအမှားတွေနည်းတူ နောက်ထပ်သတိပြုရမယ့်အချက်တစ်ခုက အမုန်းစကား ရေးသား ဖြန့်ဝေကြတာပဲဖြစ်ပါတယ်။

အမုန်းစကား၊ သတင်းအတု၊ သတင်းအမှားတွေဟာ ပဋိပက္ခဖြစ်စဥ်တွေရဲ့ လမ်းစတစ်ခုဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ် အစောပိုင်းကာလ လူမှုကွန်ရက်ပေါ်မှာ အမုန်းစကားပြောဆိုတာတွေ အမြောက်အများ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အဲဒါတွေကတော့ ဒလန်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်ဖို့၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ကြဖို့ တိုက်တွန်းရေးသားတဲ့ အမုန်းစကား ဖြန့်ဝေသူတွေပဲ ဖြစ်ပါတယ်။

အကျိုးဆက်ကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် မသက်ဆိုင်တဲ့သူတွေပါ အသက်ပေးဆပ်ခဲ့ရပါတယ်။ ဒလန်လို့ စွပ်စွဲခံရသူတွေ နေရပ်မှာ ဆက်မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာသွားခဲ့ကြရတဲ့ ဖြစ်ရပ်အမြောက်အများလည်း ရှိခဲ့ဖူးပါတယ်။

အမုန်းစကားပြောဆိုတာက အမျိုးမျိုးရှိပါတယ်။ ဘာသာရေးကို အခြေခံပြီးပြောဆိုတာ၊ လူမျိုးရေးကို အခြေခံပြောဆိုတာ၊ နိုင်ငံရေးကို အခြေခံပြောဆိုကြတာ စသဖြင့်။

ဘယ်လိုပုံစံမျိုးနဲ့ပဲ ပြောဆိုကြပါစေ အဲဒီအမုန်းစကားတွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိတာကြောင့် ဝိုင်းဝန်းတိုက်ဖျက်နေကြပါတယ်။

ရပ်တည်တဲ့ ဘက်မတူသူကြားထဲမှာလည်း အမုန်းစကားဖြန့်ဝေတာတွေ ရှိနေပါတယ်။

“နဂိုကတည်းက လူအဖွဲ့အစည်းမှာ ဘက်ပြဿနာရှိတယ်။ နင်မဟုတ်ရင် ငါဖြစ်ရမယ်ဆိုပြီး တစ်ဖက်အဖွဲ့အစည်းနဲ့ ပေါင်းသင်းဆက်ဆံနေတဲ့သူတွေကို တစ်ဖက်က ရန်ငါပြတ်တယ်ဆိုပြီး ပြောတာတွေရှိတယ်။ တော်လှန်ရေး ကာလဖြစ်တဲ့အတွက် ရန်ငါပြတ်မယ်ဆိုတာကတစ်ပိုင်း၊ တော်လှန်ရေးအလွန်ကာလမှာ သဟဇာတဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကတစ်ပိုင်း၊ လိုက်ထိန်းနေတာလည်း ရှိတယ်။ ဒါပေမဲ့ တော်လှန်ရေးကာလဖြစ်တာကြောင့် စစ်ကောင်စီထောက်ခံသူတွေနဲ့ တော်လှန်ရေးအင်အားစုအကြား အမုန်းစကားပျံ့နှံ့မှုကတော့ ရှိတယ်” လို့ လောင်းလုံးမြို့နယ်က နိုင်ငံရေးဦးဆောင်အဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

အမုန်းစကားတွေရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး No Hate Speech Movement – Burma က ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဘယ်သူတွေက ဖြန့်နေတာလဲ

သတင်းအတု၊ သတင်းအမှား၊ အမုန်းစကားတွေဖြန့်ဝေတာက အခုမှ ဖြစ်တဲ့အကြောင်းအရာတော့ မဟုတ်ပါဘူး။ အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအတု၊ သတင်းအမှား၊ ကိုဗစ်ရောဂါ ကျရောက်အချိန်ကလည်း ကိုဗစ်ရောဂါအကြောင်း သတင်းအမှားတွေ ပျံ့နှံ့ခဲ့ဖူးပါတယ်။

အခုချိန် လက်နက်ကိုင်တော်လှန်ရေးကာလမှာတော့ သတင်းအတု၊ သတင်းအမှားဖြန့်ချီတာက ရည်ရွယ်ချက်တစ်မျိုး ပြောင်းသွားပါတယ်။

သတင်းတု၊ သတင်းအမှားတွေကို ဝါဒဖြန့်ချီရေးအတွက် အသုံးပြုနေကြတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဝါဒဖြန့်ချီရေးအတွက် သတင်းအတု၊ သတင်းအမှား၊ အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်တဲ့သူတွေထဲမှာ စစ်ကောင်စီကို အားပေးထောက်ခံသူတွေရော၊ စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေရော ဘက်နှစ်ဖက်စလုံးက ပါဝင်နေကြပါတယ်။

ဘယ်လိုကျော်လွှားကြမလဲ

ပထမဆုံးကတော့ အကြောင်းအရာတစ်ခုခုပျံ့နှံ့လာပြီ၊ လူပြောများလာပြီဆိုတိုင်း လွယ်လွယ်မယုံကြဖို့အရေးကြီးပါတယ်။

အဲဒီပျံ့နှံ့၊ ပြောဆိုနေတဲ့အကြောင်းအရာဟာ ဘယ်‌လောက်အထိ တိကျခိုင်မာမှုရှိသလဲဆိုတာ လေ့လာဆန်းစစ်တတ်တဲ့ အလေ့အထကို တစ်ဦးချင်စီးက လေ့ကျင့်‌ယူထားဖို့လိုပါတယ်။

ကိုယ်ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ အဲဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ရေးထားတာရှိလား ရှာဖွေကြည့်ရှု ရပါမယ်။

သတင်းအတု၊ သတင်းအမှားက ဘယ်လိုမျိုးလဲ၊ ဘယ်လို စစ်ဆေးရမလဲ၊ ဘာတွေသတိထားသင့်လဲ Dawei Watch က တင်ဆက်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နေ့စဉ်လူမှုဘဝကို ဖြတ်သန်းရာမှာ ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိရေးက အရေးပါလှပါတယ်။

သတင်းတု၊ သတင်းမှား၊ ကောလာဟလ၊ အမုန်းစကား၊ သတင်းမှားကို သတင်းအမှန်ထဲမှာ ရောနှော ဖြန့်ဝေတာတွေ စတာတွေဟာ အန္တရာယ်များတဲ့အတွက် အခုလို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် မှန်ကန်တဲ့ သတင်းအချက်အလက်ရရှိဖို့ ပိုပြီး အရေးကြီးပါတယ်။