ကန်ချနဘူရီမှာ PDF ၁၇ ဦး အဖမ်းခံရတယ်ဆိုတဲ့သတင်းအမှား

0
864

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ တနင်္သာရီမြို့နယ်က PDF ၁၇ ဦး ဖမ်းဆီးခံထား ရတယ်လို့ တယ်လီဂရမ်ချန်နယ်နဲ့ Facebook လူမှုကွန်ရက်အသုံးပြုသူတချို့က ဖော်ပြနေတာကို တွေ့ရှိရပါတယ်။

အဲဒီအကြောင်းအရာကို Dawei watch က အချက်အလက် စိစစ်စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှား ဖြစ်နေတာကို တွေ့ရပါတယ်။

အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၁နာရီ ၁၉ မိနစ်မှာ Truth media အမည်နဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုက အဲဒီ သတင်းအမှား စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး Facebook အသုံးပြုသူတချို့ကလည်း ထပ်ဆင့်ဖြန့်ဝေထားကြတာပါ။

Truth media ရဲ့ဖော်ပြချက်မှာ ကန်ချနဘူရီမှာ အောက်တိုဘာလ ၁၂ရက် ညပိုင်းက PDF ၁၇ဦးကို ပစ်ခတ်ဖမ်းဆီးခံရပြီး သူတို့ဟာ ထုံခါအကျဉ်းစခန်း တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ခဲ့သူတွေကို ကနဦးသိရတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်ကို ကြည့်ရှုသူ လေးထောင့်ခြောက်ရာကျော် ၊ reaction ပြုလုပ်သူ တစ်ရာနှစ်ဆယ့်တစ်ဦးနဲ့ မှတ်ချက်ပေးသူတစ်ဦးရှိပြီး အောက်တိုဘာလ ၃၀ ရက်အထိ ဆက်လက်ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီဖော်ပြချက်ကို Facebook အသုံးပြုသူတွေက ထပ်ဆင့်ကူးယူဖော်ပြထားတာတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ကန်ချနဘူရီသို့ တရားမဝင် ဝင်လာတဲ့ မြန်မာလုပ်သား ၁၇ဦး ဖမ်းဆီးခံရ

တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၇ ဦး လိုက်ပါစီးနင်းလာတဲ့ ပစ်ကပ်ကားကို ကန်ချနဘူရီခရိုင်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

ည ၉ နာရီခွဲလောက်မှာ စန်ခရာဘူရီ နော့လူဒေသမှာ ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေချိန် ပစ်ကပ်ကားတစ်စီးဟာ ကားအနောက်ပိုင်းကို ကင်းဗက်ပိုင်းနဲ့ ဖုံးပြီး သာမာန်အလေးချိန်ထက် ပိုတင်လာတာကြောင့် စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ကားက မရပ်ဘဲ ပြန်ကွေ့ပြီး အရှိန်နဲ့ မောင်းနှင်ထွက်ပြေးလို့ လိုက်လံဖမ်းဆီးတဲ့အခါ လမ်းဘေးမှာ ရပ်တန့်ထားတဲ့ ကားကို တွေ့ရပြီး ကားထဲနဲ့ အနောက်က ကင်းဗက်ပိုင်းအောက်မှာ ပြည့်ကျပ်စွာလိုက်ပါလာတဲ့ မြန်မာအလုပ်သမား အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ကျောပိုးအိတ်တွေနှင့်အတူ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။

အဲဒီဖမ်းဆီးခံရမှုအကြောင်းကို Dawei Watch က သတင်းဖော်ပြထားတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီတိုင်းက မဟုတ်

ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီတိုင်းက မဟုတ်ဘဲ မြန်မာနိုင်ငံ အထက်ပိုင်းကနေ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ဖို့ လာရောက်ကြသူတွေဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ထွက်ဆိုချက်ကို ထိုင်းသတင်းဌာနတစ်ခုက ထိုင်းဘာသာနဲ့ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ဘက်ကနေ ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး တောလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာပြီးတော့ ကားနဲ့ခရီးဆက်ချိန် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

သူတို့ဟာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတွေကနေ ထိုင်းမှာ အလုပ်လုပ်ဖို့ ထွက်လာကြသူတွေဖြစ်ပြီး မြန်မာပွဲစားကို တစ်ဦးစီအတွက် ဘတ်ငွေ ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးဆောင်ကြရမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဘတ်ငွေတချို့ ပေးထားရပြီးပြီလို့လည်း ဆိုပါတယ်။

ထိုင်းသတင်းဌာန Simratha ရဲ့ ထိုင်းဘာသာနဲ့ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်ပါနိုင်ပါတယ်။

ထုံခါ အကျဉ်းစခန်းတိုက်ပွဲ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးမှာ အောက်တိုဘာလ ၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်က စတင်ပြီး တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါရွာအနီး ဆင်ဖြူရှင် (၄) ရဲဘက် အကျဉ်းစခန်းကို ကော်သူးလေတပ်မတော် (KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ (၄) နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့တာလို့ KTLA-tcjf-Tanintharyi တပ်ဖွဲ့က အောက်တိုဘာလ ၅ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်လို့ KTLA ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ထုံခါအကျဉ်းစခန်းအနီး တိုက်ပွဲသတင်း Dawei watch ရဲ့ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

KTLA အဖွဲ့ဝင်တွေ ကန်ချနဘူရီမှာ အဖမ်းခံရတာ ရှိမရှိကို KTLA အဖွဲ့ကို Dawei Watch က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ရက်သတ္တပတ်၂ ပတ်ကြာတဲ့အထိ အဆက်သွယ်မရခဲ့ပါဘူး။

ဒါပေမဲ့ ထုံခါတိုက်ပွဲမှာ KTLA နဲ့အတူ ပါဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့တွေကတော့ ကန်ချနဘူရီမှာ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ဖော်ပြချက်ဟာ သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပေးကြပါတယ်။

သုံးသပ်ချက်

ထုံခါအကျဉ်းစခန်းအနီး တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီးနောက် ကန်ချနဘူရီခရိုင်မှာ မြန်မာ ၁၇ဦး ဖမ်းဆီးခံခဲ့ရတာဆိုတဲ့ သတင်းကလည်း အမှန်တကယ် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၇ဦးဟာ တနင်္သာရီတိုင်း မောတောင်နယ်စပ်ကနေ တရားမဝင် ဝင်ရောက်တာ မဟုတ်ဘဲ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ဘက်နေ ဝင်ရောက်ခဲ့တာပါ။ ဖမ်းဆီးခံရသူတွေဟာလည်း တနင်္သာရီ တိုင်း ထဲက မဟုတ်ဘဲ ရန်ကုန်၊ ပဲခူးနဲ့ မကွေးတိုင်းတွေက ဖြစ်တယ်တွေဆိုတာကို ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နောက်တစ်ချက် တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ ထိုင်းသတင်းတွေက သုံးနှုန်းဖော်ပြပြီး လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တဲ့ သံသယဖြစ်ဖွယ် အချက်တွေ ဖော်ပြတာမျိုးလည်း မရှိပါဘူး။

ထုံခါအကျဉ်းစခန်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့တွေ့ရဲ့ ပြောဆိုချက်အရလည်း သူတို့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာမရှိဘူးလို့ ဆိုပါတယ်။

ကန်ချနဘူရီမှာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။

အထက်ပါအချက်တွေအရ တိုက်ပွဲဖြစ်တာနဲ့ မြန်မာအလုပ်သမား ၁၇ဦး ဖမ်းဆီးခံရတယ်ဆိုတာ မှန်ကန်ပေမယ့် ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီမြို့နယ်က PDF တွေ ဖြစ်တယ်လို့ ဖော်ပြချက်ဟာ သတင်းအမှားဖြန့်ဝေတာပဲ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။