အပူချိန်ကြောင့် မွန်တွင် လူငယ်ပိုင်းနှင့် သက်လတ်ပိုင်း သုံးဦးသေဆုံး

0
247
ပုံစာ - သထုံမြို့တွင် မေလ ၄ရက်က အပူချိန်ကြောင့် သတိလစ်မေ့မြော လူငယ်တစ်ဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရန် ပြင်ဆင်နေစဉ်။

ပြင်းထန်သည့် အပူချိန်ကြောင့် မွန်ပြည်နယ်အတွင်း လူသေဆုံးမှုရှိလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဧပြီနှင့် မေလအတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် ဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီးနောက် လူ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့တို့ထံမှ သိရသည်။

အပူဒဏ်ကြောင့် မေလ ၇ ရက်က မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အပြင်ထွက်စဉ် သတိလစ်လဲကျ သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“အပူချိန် တအားပြင်းတော့ လူတွေက မူးလဲတာတွ၊ သတိလစ်တဲ့အထိ ဖြစ်တာတွေလည်း များတယ်။ အခုဆို အသက် သေဆုံးတဲ့အထိဖြစ်လာတယ်။ အပူကြောင့် ဆေးရုံ၊ ဆေးခန်းရောက်နေတာတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေ အန္တရာယ်များပါတယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၄ ရက်နေ့ကလည်း သထုံမြို့က အသက် ၁၉နှစ်အရွယ် လူငယ်တစ်ဦး အပူချိန်ကြောင့် သတိလစ် သေဆုံးသွားခဲ့သလို ရေးမြို့နယ်က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးလည်း အပူဒဏ်ကြောင့် သေဆုံးသွားသေးကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

အပူချိန်ကြောင့် သတိလစ်ခြင်း၊ အပူရှပ်ခြင်းတို့ကြောင့် ဆေးရုံ၊ ဆေးခန်းတို့တွင် တက်ရောက်ဆေးကုမှုခံယူရသူလည်း အများအပြားရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အပူချိန်ကြောင့် သတိလစ်ခြင်း၊ အပူရှပ်ခြင်းသာမက အသက်သေဆုံးသည်အထိရှိနေသည့်အတွက် နေ့ခင်းဘက် အပြင် မထွက်ကြရန်နှင့် အေးပြီးအရိပ်ရသည့်နေရာတို့တွင် နေထိုင်ကြရန် ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းနှိုးဆော်ထား သည်။

“အပြင်ထွက်ရင် ထီးတို့ ဦးထုပ်တို့လို အကာအကွယ်တစ်ခုခုယူပြီး ထွက်ကြဖို့။ အဝတ်အစားဆိုရင်လည်း ပေါ့ပေါ့ပါးပါး ဝတ်မယ်။ ပြီးရင် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ၁၀ နာရီနောက်ပိုင်း အပြင်မထွက်တာ အကောင်းဆုံးပါ” ဟု ပြင်ပဆရာဝန်တစ်ဦးက ပြောသည်။

အပူကြောင့် မွန်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုပြဿနာနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် ချောင်းဆုံ၊ ပေါင်မြို့နယ်တို့တွင် ရေးအခက်အခဲ ဆိုးရွားစွာကြုံတွေ့နေကြရသည်။