ကံပေါက်တွင် အများပိုင်ရေလိုင်း‌ ရေမလုံလောက်မှုနှင့် ရေမသန့်ရှင်းမှုတို့ကြောင့် သုံးရေအခက်ခဲဖြစ်

0
247
ပုံစာ - ကိုဗစ်ကာလက ကံပေါက်ဒေသတွင် ရေလှူနေသည့် မြင်ကွင်း (ပုံအဟောင်း)။ ဓာတ်ပုံ - အဖြူရောင်မျိုးဆက်သစ် ကံပေါက်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ရပ်ကွက် ၁၁ ခုသို့ ရေဖြန့်ဝေနေသည့် အများပိုင်ရေလိုင်းက ရေ အလုံအလောက် မပေးနိုင်မှုနှင့် ရေမသန့်ရှင်းမှုတို့ကြောင့် သုံးရေအခက်အခဲကြုံတွေ့နေရကြောင်း ရေလိုင်းသုံးစွဲနေသည့် ဒေသခံတို့က ပြောသည်။

ဧပြီလကတည်းက ရေအလုံအလောက် မရရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။

“အရင်လက အလှည့်နဲ့ တစ်ရပ်ကွက်ကို ၃ ရက် ရေလာနေသေးတယ်။ အခုလဆန်းကတည်းက မလာတော့တာ၊ ဒီနေ့အထိပဲ” ဟု ဗိုလ်ချုပ်ရပ်ကွက် နေထိုင်သူတစ်ဦး မေလ ၇ ရက်တွင် ပြောသည်။

အလားတူ ရေစုဆောင်းသိုလှောင်ထားသည့် ရေလှောင်ကန်နှင့်ဝေးသည် ရပ်ကွက်များတွင်လည်း ရေလုံးဝမရရှိဘဲ ဖြစ်နေကြောင်း ယင်းရပ်ကွက်နေပြည်သူများက‌ ဆိုသည်။

ရေ မလုံလောက်မှုအပြင် ရေ မသန့်ရှင်းမှုဖြင့်ပါ ကြုံ‌နေရကြောင်းလည်း ရေသုံးစွဲသူတို့ထံမှ သိရသည်။

“ရေက ဝါတယ်။ အရင်က အဲဒီလို မဟုတ်ဘူး ။ အခုလာတဲ့ရေက ထမင်းလည်းချက်လို့ မရဘူး။ အဝတ်လည်း လျှော်လို့ မရဘူး။ ရေကား (ကနေ) ဝယ်သုံးနေရတယ်” ဟု လှည်းကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရေသိုလှောင်ကန်ကို သန့်ရှင်းရေး ပြုလုပ်ခြင်းမရှိသဖြင့် ရေမသန့်ရှင်းရခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

ကံပေါက် ရေကန်တောင်ဆည်မှ ပိုက်ဖြင့်သွယ်လာသောရေကို ရန်ကင်းတောင်ခြေတွင် ရေလှောင်ကန်ဖြင့် သိုလှောင်၍ ရပ်ကွက်များကို ဖြန့်ချီနေခြင်းဖြစ်သည်။

ယခင်က အများပိုင်ရေပိုက်လိုင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများပါဝင်သည့် ရေကော်မတီက စီမံခြင်းဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးမှူး တာဝန်ယူပြီးနောက် ရန်ပုံငွေနှင့် စာရင်းဇယားများအားလုံး လွှဲယူကာ ၎င်းက စီမံနေခြင်းဖြစ် ကြောင်း ကံပေါက် ဒေသခံတို့ထံမှ သိရသည်။

အာဏာ မသိမ်းမီကာလများတွင် သောက်ရေသုံးရေ ရှားပါးချိန် ရေလှူသည့်အဖွဲ့များ ရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း ရေလှူသည့်အဖွဲ့များ မတွေ့ရတော့ကြောင်း ကံပေါက်ရွာသားများက ဆိုသည်။

ရေအခက်အခဲကြုံနေရသည့် ဒေသခံများသည် ရေလီတာ တစ်ထောင်ပါဝင်သည့် ရေကားတစ်စီးကို ကျပ်တစ်သောင်းမှ တစ်သောင်းခွဲအထိ ပေးဝယ်ကာ သုံးစွဲနေရကြောင်း ဒေသခံများထံကသိရသည်။ ရေအခက်အခဲ မဖြစ်မီက ရေတစ်ကားလျှင် ကျပ် တစ်သောင်းခန့်သာ ရှိသည်။

ရေရောင်းချသည့် ကားလည်း ပိုများလာပြီး ရေကားများသည် ရေထွက်များသည့် သီရိမင်္ဂလာရပ်ကွက်ရှိ ရေတွင်းများမှ စုပ်ယူကာ ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခြောက်လအကြာအထိ အများပိုင် ရေလိုင်းမှ ရေတစ်ယူနစ်လျှင် ကျပ် နှစ်ရာနှုန်းဖြင့် အသုံးပြုရပြီး ယင်းနောက်ပိုင်းမှ လက်ရှိအချိန်အထိ တစ်ယူနစ် ကျပ်သုံးရာဖြင့် သုံးစွဲနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

အများပိုင် ရေလိုင်းမဟုတ်ဘဲ ပုဂ္ဂလိက ရေလိုင်းများတွင် ရေဝယ်သူသုံးစွဲသူများတွင် ရေရရှိနေဆဲဖြစ်သော်လည်း ပုဂ္ဂလိကရေလိုင်းများမှာ ရေသုံးစွဲသူအနည်းကိုသာ ရောင်းချပေးနိုင်သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။