ကလိန်အောင်မြို့တွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အဘွားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

0
407
ပုံစာ - ရေး-ထားဝယ်ကားလမ်းမနှင့် ဇင်းဘာလမ်းဆုံ (ပုံအဟောင်း)

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲပြီး အဘွားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများထံမှ သိရသည်။

ကလိန်အောင်မြို့အနီး စစ်ကောင်စီတပ်ရင်းတို့က မေလ ၈ ရက်ညတွင် ပစ်ခတ်သည့် လက်နက်ကြီးကျည် အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတို့က ပြောသည်။

ယင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် အဆိုပါနေအိမ်ရှိ အသက် ၇၀ အရွယ် အဘွားဒေါ်တင်ကြည်အား ကျည်စထိမှန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ထားဝယ်ဆေးရုံကြီး အရေးပေါ်တင်သွားပြီး ခွဲစိတ်ခန်းဝင်နေပြီ။ ဒဏ်ရာက အသည်းအနားမှာ နှစ်လက်မလောက် အစစင်ထားတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

မေလ ၈ ရက်ညက ကလိန်အောင်မြို့တွင်း၌ လက်နက်ကြီးအသံ ဆယ်ချက်ခန့်ကြားရပြီး ဒေါ်တင်ကြည် နေအိမ်အပြင် အခြားလူ မနေသည့် ဥယျာဉ်ခြံများတွင်လည်း ကျရောက်ခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။

“အခုအဘွား ထိသွားတဲ့‌နေရာက စာသင်ကျောင်း၊ ထွေအုပ်ရုံးနဲ့ ကပ်နေတယ်။ ပြီးတော့ ဘဏ်အနောက်ဘက်တွေမှာလည်း ကျသေးတယ်။ ခြံတွေထဲရော ကျတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများ မပြုလုပ်မီ မေလ ၇ ရက်က ကလိန်အောင်ချောင်းတွင် ခမရ ၄၁ဝ စစ်ကောင်စီတပ်ရင်းအတွက် ရေသယ်ရန် လာရောက်ကြည့်ရှူသည့် စစ်ကောင်စီတပ်သား ၅ ဦးပါအဖွဲ့ ရေး-ထားဝယ်ကားလမ်းမမှ ဝင်ရသည့် ဇင်းဘာလမ်းတွင် တိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများကို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို မသိရသေးပေ။

ယင်းနောက် စစ်ကောင်စီတပ်က မေလ ၇ ရက်နှင့် ၈ ရက် နှစ်ရက်ဆက်တိုက် ကလိန်အောင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။

ယနေ့ မေလ ၉ ရက် နံနက်ပိုင်းတွင်လည်း ဇင်းဘာလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး တောနင်းရှာဖွေမည့် သတင်းများ ကြားရကြောင်း မြို့ခံများက ဆိုသည်။

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ညဘက် လက်နက်ကြီးဖြင့် ခတ်လေ့ရှိသော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားထိခိုက်မှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။