လက်နက်ကြီးထိမှန်သေဆုံးတဲ့ အဘွားအိုကို ထောက်ပို့အဖြစ်ပုံဖော်သတင်းအမှားဖြန့်

0
316

လောင်းလုံးမြို့၊ (က) ရပ်ကွက်မှာ ဧပြီလ ၂၅ရက်က လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တဲ့ အသက် ၈၂နှစ်အရွယ် အဘွားအိုဒေါ်ခင်အေးကို PDF ထောက်ပို့အဖြစ် တယ်လီဂရမ်ချန်နယ်တချို့မှာ ရေးသားဖော်ပြကြပါတယ်။

ဒီဖော်ပြချက်ကို Dawei Watch က အချက်အလက်စိစစ်ကြည့်တဲ့အခါ အရပ်သားသေဆုံးမှုကို ထောက်ပို့အဖြစ် ပုံဖော်သတင်းအမှား ဖြန့်ချီနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။

ဒီသတင်းကို ‘အမဲလိုက်မုဆိုးကြီးသတင်းမှန်’ အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကနေ ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းမှာ စတင်ရေးသားဖြန့်ချီခဲ့တာပါ။

လောင်းလုံးမြို့တွင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေရောက်ရှိနေတဲ့ သတင်းရလို့ စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်မှာ ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား လေးဦးထိမှန်သလို ထွက်ပြေးတဲ့ အဘွားအိုတစ်ဦးလည်း ထိမှန်တယ်လို့ အဲဒီချန်နယ်က ဖော်ပြပါတယ်။

ထွက်ပြေးလို့ ထိမှန်တဲ့ အဘွားအိုဟာ ကထီကြီးရပ်ကွက်က ထောက်ပို့ ဒေါ်ခင်အေး ဖြစ်တယ်လို့ ဖြန့်ဝေခဲ့တာပါ။ အဲဒီလိုရေးသား ဖြန့်ဝေမှုကို မေလ ၉ ရက်အထိ ကြည့်ရှူသူ ၇၇၀၀ ကျော် ရှိပါတယ်။ အမဲလိုက်မုဆိုးကြီးသတင်းမှန် ချန်နယ်က ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီဖော်ပြချက်ကိုပဲ ‘Linn Nay’ ဆိုတဲ့အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကလည်း အဲဒီနေ့ ညနေပိုင်းမှာ ထပ်ဆင့်ကူးယူ ဖော်ပြခဲ့တာတွေ့ရပြီး မေလ ၉ ရက်အထိ ကြည့်ရှူသူ ၄၇၀၀ ကျော် ရှိတာတွေ့ရပါတယ်။ ထပ်ဆင့်ကူးယူဖော်ပြမှုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဘွားအို ထွက်ပြေးလို့ သေဆုံးတာမဟုတ်ပါ

အထက်မှာဖော်ပြခဲ့တဲ့တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြသလို ဒေါ်ခင်အေးဟာ ထွက်ပြေးလို့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးတာ မဟုတ်ပေ။

သမီးဖြစ်သူရဲ့ နေအိမ်ခြံဝင်းထဲမှာရှိနေချိန် ခြံဝင်းထဲ လက်နက်ကြီးကျည် လာရောက်ပေါက်ကွဲပြီး ကျည်စ ထိမှန် သေဆုံးခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီနေ့က အဲဒီအနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်ဆန်ထိမှန်ခဲ့ပါသေးတယ်။

အထက်ပါ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times က “လောင်းလုံးမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦးသေဆုံး” ခေါင်းစဉ်နဲ့ ‌ဧပြီလ ၂၆ ရက်က ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

“စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ လောင်းလုံးက အဖွားတစ်ဦးသေဆုံး” ခေါင်းစဉ်နဲ့ Dawei Watch သတင်းဌာနက ဧပြီလ ၂၇ ရက်မှာ ဖော်ပြခဲ့တာကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သားသမီးကို မှီခိုနေရသူပဲ ဖြစ်တယ်

အထက်မှာ ဖော်ပြခဲ့တဲ့ တယ်လီဂရမ်ချန်နယ်က ဒေါ်ခင်အေးကို ထောက်ပို့လို့ စွပ်စွဲထားပါတယ်။

မိသားစုနဲ့ နီးစပ်တဲ့ မြို့ခံတွေကတော့ ဒီစွပ်စွဲချက်ကို ပယ်ချပါတယ်။ အဘွား‌အို ဒေါ်ခင်အေးဟာ သားသမီးကိုမှီခိုနေရတဲ့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ သာမန်အရပ်သားတစ်ဦးပဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

အသက် ၈၂ အရွယ် ဒေါ်ခင်အေးဟာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး သားသမီးတွေရဲ့ အထောက်အပံ့ကို မှီခိုနေထိုင်ရသူဖြစ်တယ်လို့ နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

အဘွား ဒေါ်ခင်အေးရဲ့ မြေးတစ်ဦးကလည်း “အဘွားက ထောက်ပို့လည်းမဟုတ်ဘူး။ နိုင်ငံရေးလုပ်နေသူတွေနဲ့လည်း အဆက်သွယ်လုပ်နေတာမရှိဘူး ။ လောင်းလုံးမှာ ရှိနေတဲ့ သားသမီးတွေ အထောက်အပံ့နဲ့ မှီခိုပြီးနေတဲ့ သာမာန် လူတယောက်ပဲ။ ထောက်ပို့ မဟုတ်ဘူးဆိုတာ အာမခံရဲတယ်” လို့ ပြောဆိုပါတယ်။

တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်

ဒေါ်ခင်အေး လက်နက်ကြီးကျည်စ ထိမှန်တဲ့ ဧပြီလ ၂၅ ရက်က လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လောင်းလုံး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက သတင်းဌာနတွေကို ဖြေကြားထား ပါတယ်။

အဲဒီရက်မတိုင်ခင် ဧပြီလ ၂၃ နှင့် ၂၄ ရက်တွေမှာတော့ လောင်းလုံးမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဧပြီ ၃ ရက်ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းရွာသား အသက် ၃ဝ ဝန်းကျင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch ရဲ့ သတင်းဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

လောင်းလုံးမြို့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့နေ့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အဘွား ဒေါ်ခင်အေး သေဆုံးခဲ့ပါတယ်။ ဒီလို အရပ်သားထိခိုက်သေဆုံးတာကို ထောက်ပို့တစ်ဦး သေဆုံးတယ်လို့ တိကျခိုင်မာတဲ့ သက်သေ မပါဘဲ အချိန်ကိုက် ပုံဖော်သတင်းအမှား ဖြန့်ဝေမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အရပ်သားတွေကို PDF ထောက်ပို့အဖြစ် ပုံဖော်သတင်းမှာ ဖြန့်တာဟာ အရင်ကလည်း ရှိခဲ့ပါတယ်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာကို PDF နဲ့ ထောက်ပို့တွေလို့ အဖမ်းခံရတာလို့ သတင်းအမှား ဖြန့်ခဲ့တာပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိချက်ဖော်ပြခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အမဲလိုက်မုဆိုးကြီးသတင်းမှန်အမည်နဲ့ တယ်လီဂရမ်ချန်နယ်ဟာလည်း လောင်းလုံးကို ပစ်ခတ်တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ဆက်တိုက်တွေ့နေရပါတယ်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကြုံလာရင် ပြည်သူတွေ ဘယ်လို နေထိုင်ရမယ်ဆိုတာကို ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေအဖွဲ့က လက်တွေ့သရုပ်ပြ အသိပညာပေးတာကိုလည်း စစ်သင်တန်း ပေးတယ်ဆိုပြီး သတင်းအမှား ဖြန့်ခဲ့ပါတယ်။ ဒါ့အပြင် အခုလို စစ်သင်တန်းပေးနေတာကြောင့် စစ်ကောင်စီတပ်က လက်ဦးမှုရယူပြီး ပစ်ခတ်ဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ဖော်ပြခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါကြောင့် ဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။