စစ်ကောင်စီ ဖမ်းတာခံခဲ့ရတဲ့ ပြည်သူတွေကို PDF နဲ့ ထောက်ပို့အဖြစ် ပုံဖော်သတင်းမှားဖြန့်

0
2226

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေဟာ PDF တွေလို့ တယ်လီဂရမ်ချန်နယ် အချို့မှာ ဖြန့်ဝေနေပါတယ်။ 

Dawei Watch အနေနဲ့ ဒီဖြစ်စဉ်ကို အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ သတင်းမှား ဆိုတာ စိစစ်တွေ့ခဲ့ရပါတယ်။

ဖြန့်ချိနေသူတွေထဲမှာ Truth Media၊ The Fighters Media(TFM) တို့မှာ့မှ ဖမ်းဆီးခံရသူတွေကို “ရေဖြူ PDF ပဒက် နဲ့ ထောက်ပို့ ၃၀ ကျော်ဖမ်းဆီးရမိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး သတင်းဓာတ်ပုံနဲ့တကွ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီနေရာ နဲ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။

ဒီ ဖြန့်ဝေမှုဟာ ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ်လ ၂ ရက်နေ့အထိ ချန်နယ် ၂ ခုပေါင်း ကြည့်သူ 13,000 ကျော်အထိ ရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ပြည်ချစ်သား ဝက်ဘ်ဆိုက်မှာတော့ ဇူလိုင် ၂၇ ရက်နေ့မှာ ရေဖြူမြို့နယ်ထဲက ကျေးရွာတွေက ဒေသခံတွေ ဖမ်းဆီးခံထားရခြင်း မရှိဘူးလို့ ရေးသား ဖြန့်ဝေထားပါသေးတယ်။

ဖြစ်စဉ်အစ – စစ်ကောင်စီ စစ်ကြောင်းထိုး

ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ရေဖြူမြို့နယ် ဇာဒီကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မြေသယ်ယာဉ်ငါးစီး၊  အိမ်စီးကားတစ်စီးဖြင့် ရေတပ်ယူနီဖောင်း၊ ကျည်းတပ်ယူနီဖောင်း၊ အရပ်ဝတ် ဝတ်ဆင်ထားသူတွေ ပါဝင်တယ်လို့ ဇာဒီကျေးရွာက မျက်မြင်တွေ့ရှိတဲ့ ဒေသခံက Dawei Watch ကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူကာကွယ်ရေးအဖွဲ့တွေကို တောနင်းရှာဖွေဖို့အတွက် ဇာဒီကျေးရွာအနီးက မိုးလုံးတောင်ကြောပေါ်သို့ တက်သွားခဲ့ပြီး မိုးလုံးတောင်ကြောပေါ်က ခေါင်ပြန်ကျေးရွာ ၊ ဒိုက်တကော်ကျေးရွာလမ်းအတိုင်း ပြန်ဆင်းလာပြီး လမ်းမှာတွေ့သူတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးခံလိုက်ရသူတွေက ဇာဒီ၊ ခေါင်ပြန် ၊ ဒိုက်တကော်ကျေးရွာက ဒေသခံ ဥယျာဉ်ခြံသမားတွေသာ ဖြစ်ပြီး ဥယျာဉ်ခြံထဲကို သွားတဲ့အချိန် စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းခံလိုက်ရတဲ့ ပြည်သူတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပေးခဲ့ပါတယ်။

ပုံဟောင်းကို သုံးထားတဲ့ သတင်းဓာတ်ပုံအမှား

ဖမ်းဆီးခံရသူတွေကို PDF နဲ့ ထောက်ပို့တွေဖြစ်တယ်လို့ ဖြန့်ချိသူတွေဟာ စာသားနဲ့အတူ သတင်းဓာတ်ပုံကိုလည်း တွဲပြီး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သတင်းဓာတ်ပုံကို စိစစ်ကြည့်တဲ့အခါမှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ သတင်းဓာတ်ပုံမဟုတ်ဘဲ ပုံဟောင်းဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ရာနဲ့ချီကို ဖမ်းဆီးစစ်ဆေးခဲ့စဉ်က ဒေသခံတစ်ဦး ရိုက်ကူးမှတ်တမ်းတင်ထားခဲ့တဲ့ ရုပ်သံဖိုင်ကနေ Screen Shot ရိုက်ထားတာသာ ဖြစ်တယ်လို့ စိစစ် တွေ့ရှိခဲ့ရတာပါ။

Video Link – https://www.facebook.com/100069697367798/videos/727567499109124/

ဒါကြောင့် သတင်းမှား ဖြန့်ချိနေသူတွေဟာ ရုပ်သံဖိုင်အဟောင်းကနေ Screenshot ရယူပြီး လတ်တလော ဇာဒီကျေးရွာအုပ်စု PDF နဲ့ ထောက်ပို့အဖွဲ့ဝင်တွေ ဖမ်းဆီးခံရစဉ် ရိုက်ကူးထားတဲ့ ပုံသဖွယ် ဖော်ပြထားတာသာ ဖြစ်ပါတယ်။

ဒေသခံတွေ အမှန်တကယ် ဖမ်းဆီးခံခဲ့ရ 

ပြည်ချစ်သားဝက်ဆိုက်မှာ ဇူလိုင် ၂၇ ရက်‌နေ့မှာ ရေဖြူမြို့နယ် ၊ ခေါင်ပြန်ကျေးရွာနဲ့ ဒိုက်တကော်ကျေးရွာက ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ Khit Thit သတင်းဌာနက ရေးသားထားတာဟာ Fake News ဆိုပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။

Archive Link – https://archive.ph/RqFhv

ဒါပေမဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခံထားရသူ စုစုပေါင်းဟာ ၄၈ ဦးတိတိ ရှိခဲ့ပြီး ဇာဒီ ၊ ခေါင်းပြန်၊ ဒိုက်တကော်ကျေးရွာ ၃ ရွာက ပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက Dawei Watch ကို အတည်ပြုခဲ့ပါတယ်။

“၃၀ ရက် ညနေ ၃ နာရီလောက် ဘဝါရွာအရောက်မှာ ဖမ်းထားတဲ့သူတွေပြန်လွှတ်ပေးလိုက်တာ။ ညဘက်ကြီး(ရွာကို) ပြန်လာဖို့အဆင်မပြေလို့ လဲရှောင်ရွာက ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပြီးမှ ရွာကိုပြန်ရောက်လာကြတာ” လို့ ဒေသခံတစ်ဦးက Dawei Watch ကို ဖြေကြားခဲ့ပါတယ်။

ဖမ်းဆီးခံရထားရသူ ၄၈ ဦးထဲက ၄၆ ဦးကတော့ ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းမှာ ပြန်လွတ်မြောက်ခဲ့ပြီး ၂ ဦးကတော့ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Dawei Watch သုံးသပ်ချက်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားမှု ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ချိသူတွေ ရေးသား ဖြန့်ဝေနေသလို ဒေသခံ ၃၀ ကျော်ဟာ PDF နဲ့ ထောက်ပို့တွေသာ ဖြစ်ခဲ့မယ်ဆိုရင် စစ်ကောင်စီတပ်က ပြန်လည် လွှတ်ပေးခဲ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဖမ်းဆီးခံရသူ ဒေသခံ ၃၀ ကျော်ဟာ PDF နဲ့ ထောက်ပို့တွေသာ ဖြစ်တယ်လို့ ရေးသားချက်ဟာ သတင်းမှား အကြောင်းအရာသာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact- Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်း ဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။