ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား

0
299

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးဘီလူးအဖွဲ့ရဲ့ ခေါင်းဆောင် လုပ်ကြံခံရတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ ဧပြီလ ၂၄ရက် ‌ဖော်ပြခဲ့ကြပါတယ်။ အလှူငွေကိစ္စကြောင့် ရေးဘီလူးအဖွဲ့ရဲ့ ဒုခေါင်းဆောင်က လုပ်ကြံတာဖြစ်နိုင်တယ်လို့လည်း ရေးသားဖော်ြပထားပါတယ်။

အဲဒီဖော်ပြချက်ကို Dawei Watch က အချက်အလက် စစ်ဆေးတဲ့အခါမှာတော့ သတင်းအမှားဆိုတာကို တွေ့ရှိရပါတယ်။ အဲဒီသတင်းအမှားဟာ ဧပြီလ ၂၈ ရက်အထိ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ နောက်ထပ် သတင်းအမှား တွေလည်း ဆက်တိုက်ဖြန့်ချီနေတာ တွေ့ရပါတယ်။

Subscribe ပြုလုပ်သူ ငါးသောင်းကျော်ရှိတဲ့ Snow Queen အမည်နဲ့ တယ်လီဂရမ်ချန်နယ်က အဲဒီသတင်းအမှားကို ဧပြီ ၂၄ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်မှာ စတင်ဖော်ပြပါတယ်။ ဧပြီ ၂၉ ရက်အထိ ကြည့်ရှူသူ တစ်သောင်းခွဲနီးပါး နဲ့ Reaction ပြုလုပ်သူ သုံးရာနီးပါး၊ မှတ်ချက်ပြုသူ ၂၆ ဦးနဲ့ ဆက်လက်ပျံ့နှံ့နေတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီ ဖော်ပြချက်ကိုပဲ linn nay အမည်နဲ့ တယ်လီဂရမ်ချန်နယ်က တချိန်တည်းမှာ ဖော်ပြခဲ့တာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ရှင်းလင်း

လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ကာယကံရှင် ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ဧပြီလ ၂၄ ရက်နေ့မှာပဲ ရေးဘီလူးအဖွဲ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ ရုပ်သံမှတ်တမ်းနဲ့ ရှင်းလင်းခဲ့ပါတယ်။

ရုပ်သံဖုန်းခေါ်ဆိုမှု (Video Call) နဲ့လည်း သက်သေပြနိုင်တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့်မှာ ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိပါဘူး။ ကျန်းမာရေးလည်း ကောင်းတယ်ပေါ့နော်” ဟု သူက ပြောပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

သတင်းအမှားနဲ့ ယှဉ်တွဲဖော်ပြတဲ့ဓာတ်ပုံ

ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှားနဲ့ပတ်သက်ပြီး တယ်လီဂရမ်ချန်တွေဖော်ပြချက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်အလံအုပ်ထားတဲ့ ရဲဘော်တစ်ဦးရဲ့ရုပ်အလောင်းနဲ့ ယှဉ်တွဲဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီရဲဘော်ဟာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်နဲ့ အနည်းငယ်ရုပ် အသွင်တူတာသာဖြစ်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင် မဟုတ်ကြောင်းကိုလည်း ကာယကံရှင် ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အထက်ဖော်ပြပါ ရုပ်သံမှာ ရှင်းပြထားပါတယ်။

အဲဒီ ဓာတ်ပုံထဲက ရဲဘော်ဟာ အခုနှစ် ဇန်နဝါရီလက မုံရွာတောင်ပိုင်းမှာဖြစ်ခဲ့တဲ့ ညောင်ဖြူပင်ရွာတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ရဲဘော် Jade ဖြစ်ပါတယ်။

ရဲဘော် Jade ဟာ မန္တလေးလေကြောင်းရန် ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီ မုံရွာတောင်ပိုင်းတိုက်ပွဲမှာ ရဲဘော် Jade ကျဆုံးတဲ့သေဆုံးခဲ့တဲ့အကြောင်း ဓာတ်ပုံနဲ့ တကွ Myanmar Now သတင်းဌာနက ဖော်ပြထားတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ထပ်ဆင့် သတင်းအမှားဖြန့်

ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတာ မမှန်ကြောင်း တုံ့ပြန်ရှင်းလင်းချက်တွေရှိလာပေမယ့် သတင်းအမှား ဖြန့်ဝေမှုတွေက ရပ်မသွားသေးပါဘူး။

Snow Queen အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကပဲ ထပ်မံဖော်ပြတာပါ၊

“ရေးဘီလူး ကျတာ သတင်းအမှားလို့ ပြောနေကြပေမယ့် အတည်ပြုချင်တာက ဘာလဲဆိုရင် ဘေးကထောင်ထားတာ သူကိုင်တဲ့ သေနတ်ပဲ” လို့ ဧပြီလ ၂၄ ရက်နေ့မှာပဲ ထပ်မံရေးသားဖြန့်ဝေခဲ့ပါတယ်။ အဲဒီလို ဆက်လက် ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ရုပ်အသွင်ဆင်တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးတဲ့ ဓာတ်ပုံမှတ်တမ်းကို ယူပြီး ရေးဘီလူးအဖွဲ့ ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုပြီး သတင်းအမှား ရေးသားဖြန့်ချီခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် အလှူငွေကိစ္စကြောင့် ရေးဘီလူးအဖွဲ့ ဒုခေါင်းဆောင်က လုပ်ကြံတာဖြစ်နိုင်တယ်လို့ ရေးသားဖြန့်ချီခဲ့တာကြောင့် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့ကို ပုံဖျက်ဖို့ ကြိုးပမ်းတာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

အလားတူ တော်လှန်ရေးအဖွဲ့မှာ ထင်ရှားသူတွေကို သေဆုံးတယ်လို့ သတင်းအမှားတွေကို တယ်လီဂရန်ချန်နယ်တွေက ဖြန့်ချိခဲ့တာတွေလည်း ရှေ့မှာ ရှိခဲ့ပါတယ်။ Dawei Watch က အချက်အလက် စစ်ဆေးပေးခဲ့တဲ့ ဖြစ်ရပ်အချို့မှာလည်း အလားတူ ဖြန့်ချီမှုတွေကို တွေ့နိုင်ပါတယ်။

တော်လှန်ရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးပြီဆိုတဲ့  သတင်းအမှားနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်စိစစ်ဖော်ပြခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ငါးဆယ်ကျော်သေဆုံးတယ်ဆိုတဲ့ သတင်းအမှားနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်စိစစ်ဖော်ပြခဲ့တာကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါကြောင့် ဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။