ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ငါးဆယ်ကျော်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

0
1388

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ငါးဆယ်ကျော် သေဆုံးတယ်လို့ “နေပြည်တော်” အမည်ရ တယ်လီဂရမ်ချန်နယ်က ဖြန့်ချီနေပါတယ်။ 

အဲဒီဖြန့်ချီချက်အပေါ် Dawei Watch က စိစစ်ကြည့်ရာမှာတော့ အချက်အလက်မှားယွင်းနေတာကို တွေ့ရပါတယ်။ 

နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကို Suscribe ပြုလုပ်ထားသူ ခုနစ်ထောင်ခြောက်ရာကျော်ရှိပါတယ်။

အဲဒီချန်နယ်က “ပုလောတပ်စခန်းသိမ်းဆည်းရရှိပြီထင်ပြီးနောက် ဗုံးကြဲခံလိုက်ရလို့ PDF ပဒက် (၅၀) ကျော်သေဆုံး” ဆိုတဲ့ဖော်ပြချက်ကို ဇန်နဝါရီလ ၃၀ ရက် နေ့လယ် ၁ နာရီ ၄၈ မိနစ်မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကြည့်ရှူသူ တစ်သောင်းတစ်ထောင်ကျော်၊ Reaction ပြုလုပ်သူ ၅၈ ဦးနဲ့ ပျံ့နှံ့နေဆဲဖြစ်တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ မီးလောင်ချောင်းတိုက်ပွဲ

ဇန်နဝါရီလ ၃၀ ရက် မနက်အစောပိုင်းမှာ မီးလောင်ချောင်းရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၁၀ နာရီအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ 

ဒါဟာ ပုလောမြို့နယ်အတွင်း ပထမဆုံးအကြိမ် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ Mi-2 အမျိုးအစား ရဟတ်ယာဥ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဲဒီ တိုက်ပွဲအကြောင်း Dawei Watch က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နောက်ထပ် ဒေသတွင်း မီဒီယာ တစ်ခုဖြစ်တဲ့ The Tanintharyi Times ရဲ့ မီးလောင်ချောင်းတိုက်ပွဲအကြောင်း သတင်းဖော်ပြချက်ကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နှစ်ဖက်အကျအဆုံးနဲ့ အရပ်သားသေဆုံးတာရှိ

မီးလောင်ချောင်းတိုက်ပွဲမှာ ပျူစောထီးငါးဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) ၊ မြိတ်ခရိုင်တပ်ရင်း (၁) က တပ်ခွဲမှူးတစ်ဦး အပါအဝင် ရဲဘော်ငါးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးတာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် လက်နက်ကြီး ထိမှန်တာကြောင့် ကုန်တင်ကားမောင်းတဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တပိုရွာက အမျိုးသမီး နှစ် ဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီအကြောင်းအရာတွေကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ 

မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ စစ်ရေးသတင်း ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ပုလောစစ်ကြောင်း ၁ ရဲ့ ထုတ်ပြန်ချက် ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာမဟုတ်

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ PDF ရဲဘော်တွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ မနက်အစောပိုင်း တိုက်ပွဲ အတွင်း အပြန်အလှန်ပစ်ခတ်ကြရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြာရေးတာဝန်ခံက ဆိုပါတယ်။ 

“စခန်းမီးမရှို့ခင် ပျူ (ပျူစောထီး) အလောင်း လေးလောင်းနဲ့ သေနတ် သုံးလက်ရခဲ့တယ်။ စခန်းကို စဝင်စီးတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ ၇နာရီခွဲကျော်ကျော်လောက်မှာက ရဲဘော်သုံးယောက် ရှေ့ဆင့် နောက်ဆင့် ကျသွားတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ နောက်တစ်နေ့မှာ ကျသွားပါတယ်” လို့ သူက ပြောပါတယ်။ 

တိုက်ပွဲဖြစ်တဲ့ ဇန်နဝါရီလ ၃၀ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းပစ်ကူလာခဲ့ပြီး မနက် ၁၀နာရီအထိ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ကြတယ်လို့ဆိုပါတယ်။

သုံးသပ်ချက်

မီးလောင်ချောင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဘက်ထိခိုက်ကျဆုံးမှုအပြင် အရပ်သား သေဆုံးထိခိုက်မှုတွေပါရှိခဲ့တာ စုံစမ်းသိရပါတယ်။ 

PDF ဘက် ငါးဦး သေဆုံးခဲ့တယ်လို့ မြေပြင်အချက်အလက်များအရ အတည်ပြုနိုင်ခဲ့ပြီး PDF ငါးဆယ်ကျော် ကျဆုံးတယ်ဆိုတာဟာ ချဲ့ကားဖော်ပြတဲ့ အချက်အလက်အမှားဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် သေဆုံးခဲ့တဲ့ PDF ရဲဘော်တွေဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့်ဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အတည်ပြုပေးထားပါတယ်။ 

လေကြောင်း ပစ်ခတ်မှုကြောင့် ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရတယ်ဆိုပြီးတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေစဥ်အတွင်း PDF ထိခိုက်ဆုံးမှု၊ အရပ်သားတွေ ဖမ်းဆီးခံရတာကို PDF တွေ ဖမ်းဆီးခံရတယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တွေမှာ အချိန်ကိုက် သတင်းမှားဖြန့်ချီတာတွေ ဆက်တိုက်တွေ့ရှိရပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။