ထိုင်းက ဝရမ်းထုတ်ရှာဖွေနေသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် ဇာတ်ကြောင်း

0
14776

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ ရနောင်းမြို့က နေအိမ်အပါအဝင် ၎င်းနှင့် ဆက်စပ်သည့် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

နှစ်လုံးထီ ရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသည့် လုပ်ငန်းများတွင် ငွေကြေးခဝါချသည် ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ဦးကျော်လွင်နှင့် သက်ဆိုင်သူ ၁၈ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

ထိုင်းနိုင်ငံသား ခံယူထားသည့် ဦးကျော်လွင်သည် ရနောင်းတွင် အနေများပြီး ဘန်ကောက်နှင့် ရနောင်းတွင်အခြေစိုက်၍ အွန်လိုင်းလောင်းကစားဖြင့် စီးပွားရေးလုပ်ကိုင်နေသည်ဟု ထိုင်းသတင်းများက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း ဇိမ်ခံကားများ၊ ရွှေငွေနှင့် လက်နက်များအပါအဝင် ပိုင်ဆိုင်သည့် ပစ္စည်းများကို သိမ်းဆည်းရမိပြီး သံသယရှိသူများကိုလည်း ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကိုဖု ဂိုဏ်း

ဦးကျော်လွင်သည် “Ko Fuk” ဟု အမည်ရသော ဂိုဏ်းကို လွန်ခဲ့သော ၁၀ နှစ်ကတည်းက လုပ်ကိုင်နေခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါဂိုဏ်းနှင့် ပက်သက်၍ လက်ရှိတွင် ဖမ်းဝရမ်းထုတ်ထားသူများထဲက ၇ ဦးကို ဖမ်းမိထားပြီးဖြစ်ပြီး ကျန် ၁၁ ဦးကို ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ပြောဆိုထားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံသား ခံယူထားသော ခေါင်းဆောင် Ko Fuk ခေါ် ဦးကျော်လွင်သည် ထိုင်းနိုင်ငံအတွင်းမှ တရားဝင်လမ်းကြောင်း ဖြင့် ထွက်သွားခြင်းမရှိသဖြင့် ခိုးလမ်းမှတဆင့် မြန်မာပြည်သို့ ထွက်ပြေးသွားကြောင်း ယူဆရကြောင်းလည်း သတင်းများက ဆိုသည်။

မြန်မာနိုင်ငံ၏ လဝကဥပဒေအရ နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်မရှိပေ။

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေချိန် ထိုင်းတောင်ပိုင်းတွင်လည်း ဖမ်းဆီးမှုရှာဖွေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဇန်နဝါရီလဆန်းပိုင်းကလည်း ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) တွေကို ပူးပေါင်းနှိမ်နင်းရန်ဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။

ကာစီနိုဝိုင်းများဖြင့်စည်ကားသည့် သူဌေးကျွန်းဟိုတယ်

သူဌေးကျွန်းဟု လူသိများသည့် အဆိုပါဟိုတယ်က မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ လှမ်းမြင်နေရသည့် ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။

အဆိုပါကျွန်းမှာ ကော့သောင်းမြို့မှ မျဉ်းဖြောင့်ဆွဲလျှင် မီတာနှစ်ထောင်ခန့်အကွာ ပင်လယ်အတွင်းတည်ရှိပြီး မြို့မှ လှမ်းမြင်နေရသည်။ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိသည်။

သူဌေးကျွန်းကို မြန်မာနိုင်ငံအစိုးရက ထိုင်းနိုင်ငံအခြေစိုက် VSE Group ထံသို့ ခရီးသွားလုပ်ငန်းအတွက် နှစ်ရှည် ငှားရမ်းခဲ့ပြီး ကျွန်းပေါ်တွင် Grand Andaman Hotel အမည်ဖြင့် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဖွင့်ခဲ့သည်။

ထိုဟိုတယ်တွင် ကာစီနိုကစားဝိုင်းများနှင့် ဂေါက်ကွင်းရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားနေလေ့ ရှိသည်။

သူဌေးကျွန်းဟိုတယ်သို့ ထိုင်းနိုင်ငံ ရနောင်းဘက်မှ လာသူများရှိသလို ကော့သောင်းမြို့မှတစ်ဆင့် ရေယာဉ်များဖြင့်လည်း ပို့ဆောင်ပေးနေသည်။

ပြည်တွင်းဧည့်သည်အများစုကမူ ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ပေးနေသည့် ရေယာဉ်ဖြင့် သွားလေ့ရှိပြီး အသွားအပြန်တစ်ခေါက်အတွက် ဘတ် ၁၀၀ ပေးဆောင်ရသည်။

ဆီ ကျော်လွင်

ကော့သောင်းဒေသ အပါအဝင် တနင်္သာရီတိုင်းသားများက ဦးကျော်လွင်ကို ‘ဆီ ကျော်လွင်’ ဟု လူသိများသူ ဖြစ်သည်။

ဦးကျော်လွင်သည် မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်တစ်ဦးဖြစ်ပြီး ကော့သောင်းမြို့ ဇာတိဖြစ်သည်။

လက်ရှိတွင် ထိုင်းအမျိုးသမီးတစ်ဦးနှင့် အသက်ကြီးမှ အိမ်ထောင်ကျခဲ့ပြီး ချမ်းသာသည့် မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတောင်ပိုင်းဒေသတွင် မြန်မာပြည်ဖွား ထိုင်းမျိုးနွယ် အများအပြားရှိပြီး ထိုင်းစကားကို ကျွမ်းကျင်စွာ ပြောဆိုနေကြဆဲဖြစ်သည်။

၎င်းသည် မလေးရှားမှောင်ခိုခေတ်တွင် တစတစ ချမ်းသာကြွယ်ဝလာပြီး စက်သုံးဆီတင်သွင်းခွင့် ရရှိထားသူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံသားခံယူထားသည့် ဦးကျော်လွင်သည် ကော့သောင်းမြို့တွင် မနေတော့ဘဲ သူဌေးကျွန်းဟိုတယ်နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တွင်သာ နေထိုင်တော့ကြောင်း အဆိုပါမြို့ခံက ဆိုသည်။

၎င်းတွင် မွေးချင်းညီအစ်ကိုမောင်နှမ များပြားပြီး ကော့သောင်းမြို့ရှိ စီးပွားရေးလုပ်ငန်းအများစုကို ၎င်းတို့၏ ဆွေမျိုးသားချင်းများကပင် လုပ်ကိုင်နေကြကြောင်း ၎င်းက ဆိုသည်။

ဦးကျော်လွင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက စက်သုံးဆီတင်သွင်းရောင်းချခွင့်ရထားသူဖြစ်ပြီး ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ရွှေဝက်ဝံဆိပ်ခံတံတားတွင် ဆီဂိုဒေါင်ရှိသည်။

“ဦးကျော်လွင်လို့ ပြောလိုက်တာနဲ့ ကော့သောင်းတစ်မြို့လုံးက ဓာတ်ဆီ ဒီဇယ် လောင်စာဆီနဲ့ ပတ်သက်လာရင် ဦးကျော်လွင် တစ်ယောက်ပဲ လုပ်နေတယ်ဆိုတာ လူတိုင်းသိတယ်။ သူ့ကို ဘယ်သူမှ ကျော်လို့မရတဲ့အချက်ပဲ” ဟု အထက်ပါ မြို့ခံက ဆိုသည်။

ထိုင်းအာဏာပိုင်များ၏ စွပ်စွဲချက်တွင်လည်း နိုင်ငံခြား (ထိုင်းနိုင်ငံပြင်ပ) သို့ လောင်စာဆီတင်ပို့ရာတွင် အထောက်အထား အတုများ ဖန်တီးပြီး အခွန်ပြန်အမ်းပေးရန် လုပ်ဆောင်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

စက်သုံးဆီလုပ်ငန်းအပြင် ၂၀၁၄ ခုနှစ်က ကော့သောင်းဒေသကို လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ခွင့်ရခဲ့သည်။

ထိုအချိန်က ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်ကြားတွင် သန်းဖြိုးသူကုမ္ပဏီလီမိတက်အမည်ဖြင့် ၈ မီဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ခဲ့သည်။

ထိုစက်ရုံမှာ လူနေအိမ်များနှင့် အနည်းငယ်သာဝေးပြီး စက်ရုံမှထွက်သည့် ရေဆိုးနှင့် ကျောက်မီးသွေး ပြာမှုန်များ ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဟုဆိုကာ ဒေသခံများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း လျှပ်စစ်ဓါတ်အားခ သက်သာသည့်နှုန်းဖြင့် သုံးစွဲရမည်ဟုဆိုကာ ထောက်ခံဆန္ဒပြသူများလည်း ရှိခဲ့သည်။

နောက်ပိုင်းတွင် ထိုစက်ရုံကိုရပ်နားကာ ဒီဇယ်ဖြင့် ကော့သောင်းမြို့ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းအရ ဂရမ်းအက်ဒမန် အမည်ဖြင့် ကုမ္ပဏီ ၅ ခုအထိ ရှိနေသည်။

ထိုကုမ္ပဏီများမှာ ဂရမ်းအက်ဒမန်ကုမ္ပဏီလီမိတက်၊ ဂရမ်းအက်ဒမန် ကုမ္ပဏီများအုပ်စုလီမိတက်၊ ဂရမ်းအက်ဒမန် အိုင်းလန်းစ် ကုမ္ပဏီလီမိတက်၊ ဂရမ်းအက်ဒမန်ပုလဲကုမ္ပဏီလီမိတက်၊ ဂရမ်းအက်ဒမန် ခရီသွားလုပ်ငန်း ကုမ္ပဏီလီမိတက်တို့ ဖြစ်သည်။

ထိုင်း – မြန်မာစစ်တပ်အရာရှိများနှင့် ပုလဲနံပသင့်သူ

ဦးကျော်လွင်သည် မြန်မာစစ်တပ်အရာရှိများနှင့် ပုံမှန်ထက် ပိုမိုသည့်ဆက်ဆံရေးရှိသလို ထိုင်းအာဏာပိုင်များနှင့်လည်း ပုလဲနံပသင့်သူဖြစ်ကြောင်း ၎င်းအကြောင်း တီးခေါက်မိသူများက မှတ်ချက်ပြုကြသည်။

၎င်းသည် သူဌေးကျွန်းဟိုတယ်လုပ်ပိုင်ခွင့်ကို ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက် VSE Groupထံမှ လွှဲပြောင်းရယူခဲ့ကြောင်း ဝီကီပီးဒီးယားတွင် ဖော်ပြထားသည်။

ကော့သောင်းဒေသခံအများစုကမူ အဆိုပါဟိုတယ်ကို ဦးကျော်လွင်က ပိုင်ရှင်အဖြစ်အမည်ခံထားရုံသာဖြစ်ပြီး ၎င်း၏ နောက်ကွယ်တွင် မြန်မာစစ်တပ် အရာရှိများရှိနေသည်ဟု ပြောဆိုကြသည်။

“သူက ဒီဘက် (မြန်မာ) မှာဆို အကောင်ကြီးတွေနဲ့ပဲ ပတ်သက်တယ်။ သူဌေးကျွန်းဟိုတယ်ဆိုလည်းပဲ သူနဲ့ပတ်သက်တဲ့သူ တော်တော်များများက အငြိမ်းစားယူသွားတဲ့ စစ်ဗိုလ်ချုပ်တွေလေ။ သူက အမည်လောက်ပဲ။ ဟိုတယ်ရဲ့ တကယ့်ထိပ်ပိုင်း ခေါင်းဆောင်တွေက စစ်ဗိုလ်ချုပ် (အငြိမ်းစား) တွေလေ။ သူက အဓိက မိန်းကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ အလုပ်လုပ်တာပဲ” ဟု ကော့သောင်းမြို့ခံက ပြောသည်။

တနင်္သာရီတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကလည်း ဦးကျော်လွင်က မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များနှင့်လည်း ဆက်ဆံရေးကောင်းပြီး နှစ်နိုင်ငံအာဏာပိုင်များတွေ့ဆုံသည့်အချိန်တိုင်းတွင် ၎င်းပါဝင်လေ့ရှိကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

“အစိုးရအဖွဲ့တွေ သွားတဲ့အချိန်မျိုးဆိုရင် ဟိုဘက် (ထိုင်း) က အစိုးရအဖွဲ့တွေ ဧည့်ခံတဲ့အခါတွေမျိုးမှာဆိုရင် သူပါလေ့ရှိတယ်။ ထဲထဲဝင်ဝင်ပဲ” ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းမှုတွင် ရနောင်းမြို့ရှိ ၎င်းနှင့် ဆက်နွယ်ပတ်သက်သူအချို့၏ နေအိမ်များလည်း ပါဝင်သည်ဟု ထိုင်းသတင်းက ဆိုသည်။

ကော့သောင်းဒေသခံတစ်ဦး၏ အဆိုအရ ဦးကျော်လွင်နှင့် ၎င်း၏ညီမဖြစ်သူက ရနောင်းမြို့တွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ဆိုသည်။

“သူ့ တူမတွေဆိုရင် ရနောင်းမှာ ထီနဲ့လောင်းကစားရုံ သီးသန့်ဖွင့်ထားတာ။ အခုသိမ်းလိုက်တဲ့ဟာတွေလည်း သူ့တူမတွေ ရုံးခန်းဖွင့်ထားတဲ့ဟာတွေပဲလေ” ဟု အထက်ပါ ကော့သောင်းဒေသခံက ပြောသည်။

ကော့သောင်းမြို့ခံများကမူ နှစ်နိုင်ငံ အာဏာပိုင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည့် ဦးကျော်လွင်၏ အရှိန်အဝါကြောင့် ၎င်းအကြောင်းကို ပေါ်ပေါ်တင်တင် မပြောဆိုရဲကြဘဲ တိုးတိုးတိတ်တိတ်သာ ဝေဖန်ပြောဆိုကြကြောင်း မြို့ခံအချို့က ဆိုသည်။

“သူက အငြိမ်းစားဗိုလ်ချုပ်အဆင့်တွေနဲ့ပဲ ပတ်သက်တာလေ။ သာကာဝ (သာမန်) အဆင့်တွေနဲ့ စကားမပြောဘူးလေ” ဟု မြို့ခံတစ်ဦးက ပြောသည်။