ပြိုင်ဆိုင်မှုပြင်းထန်မည့် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲ

0
210

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိပြီး လက်ရှိကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနေပြီဖြစ်သည်။

ယခုနှစ် ဧပြီလ ၁၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်သွားမည့် ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲသည် မဲပေးခွင့်ရှိသူဦးရေ တစ်ဘီလီယံနီးပါးရှိသဖြင့် သမိုင်းတလျှောက် ကမ္ဘာ့အကြီးမားဆုံး ရွေးကောက်ပွဲ လည်းဖြစ်သည်။

ယခုနှစ် ရွေး ကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲပေးနိုင်သူ နိုင်ငံသားဦးရေ ၉၆၉ သန်း ရှိသည်။

နိုင်ငံရပ်ခြား ရောက်ရှိ နေပြီး ကြိုတင်မဲစာရင်းမှတ်ပုံတင်၍ အိန္ဒိယနိုင်ငံသို့ ပြန်လာပြီး မဲပေးခွင့်ရှိသူက ၁၃ ဒသမ ၄ သန်း ရှိသည်။

ရွေးကောက်ပွဲမဲပေးခြင်းများကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ၊ ဧပြီလ ၂၆ ရက်နေ့ ၊ မေလ ၇ ရက်နေ့ ၊ မေလ ၁၃ ရက်နေ့ ၊ မေလ ၂၀ ရက်နေ့ ၊ မေလ ၂၅ ရက်နေ့နှင့် ဇွန်လ ၁ ရက်နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံအနှံ့ရှိ မဲရုံများကို လုံခြုံရေးအပြည့်အဝယူပေးနိုင်ရန် မဲပေးရမည့်နေ့ရက်များကို ရက်ခြားသတ်မှတ်ထားပြီး တစ်နိုင်ငံလုံးရှိ မဲရုံများတွင် သန်းနှင့်ချီသော လျှပ်စစ်မဲပေးစက်များကို အသုံးပြုသွားမည် ဖြစ်သည်။

ဇွန်လ ၄ ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်များကို တရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

အောက်လွှတ်တော် ရွေးကောက်ပွဲ

အန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ်ကို အောက်လွှတ်တော်က မဲပေးရွေးချယ်ပြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပြန်လည်ရွေးချယ်ခန့်အပ်ရခြင်းဖြစ်ရာ အောက်လွှတ်တော်တွင် နေရာအများစုရရန်မှာ အရေးကြီးလှသည်။

အိန္ဒိယအောက်လွှတ်တော်တွင် မဲပေးရွေးချယ်ရမည့် နေရာ ၅၄၃ နေရာရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်စေ ညွန့်ပေါင်းအဖွဲ့ဖြစ်စေ အနည်းဆုံး ၂၇၂ နေရာအနိုင်ရမှာသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်အမတ်တစ်ဦးသည် မိမိမဲဆန္ဒနယ်ကို ကိုယ်စားပြု၍ ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

အိန္ဒိယအောက်လွှတ်တော်တွင် အထူးအစောင့်ရှောက်ခံ လူမျိုးစုများအတွက် ၁၃၁ နေရာရှိပြီး ၎င်းလူမျိုးစုများသည် အိန္ဒိယနိုင်ငံစုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံ ရှိသည်။

အိန္ဒိယနိုင်ငံတွင် လွှတ်တော်တွင်း နေရာသုံးပုံတစ်ပုံကို အမျိုးသမီးများအတွက် ခွဲဝေပေးရန် ဥပဒေပြဌာန်းထားပြီး ဖြစ်သော်လည်း ယခုအထိ အသက်ဝင်လာခြင်း မရှိသေးပေ။

အပြိုင်အဆိုင် ပါတီများ

၂၀၁၉ ရွေးကောက်ပွဲတွင် အိန္ဒိယအောက်လွှတ်တော်တွင် BJP ပါတီက ၃၀၃ နေရာ အနိုင်ရရှိခဲ့ပြီး BJP ပါတီကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရက်စီတပ်ပေါင်းစု NDA က စုစုပေါင်း ၃၅၂ နေရာ အနိုင်ရထားသည်။

ယင်းကြောင့် ၂၀၂၄ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ BJP ပါတီနှင့် မဟာမိတ်များ ရင်ဆိုင်ရမည့် အဓိကပြိုင်ဖက်မှာ အိန္ဒိယအမျိုးသားကွန်ဂရက်(India National Congress- INC) က ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးပါတီများ တပ်ပေါင်းစုပင် ဖြစ်သည်။

အတိုက်အခံပါတီပေါင်း နှစ်ဒါဇင်ကျော်က အိန္ဒိယအမျိုးသားကွန်ဂရက်နှင့် ပူးပေါင်းပြီး အိန္ဒိယအမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမဟာမိတ် (Indian National Developmental Inclusive Alliance- INDIA) ကို ဖွဲ့စည်းထားသည်။

အတိုက်အခံမဟာမိတ်အဖွဲ့တွင် အိန္ဒိယအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ မာလစ်ခါဂျွန်ခါးဂျ်နှင့် ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ သားသမီးများဖြစ်သည့် ရာဟုဂန္ဒီနှင့် ပရိယန်ကာဂန္ဒီတို့ ပါဝင်ကြသည်။

အာဏာရပါတီခေါင်းဆောင် ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ၎င်း၏ တတိယသက်တမ်းကိုလည်း ဆက်လက်အနိုင်ရသွားရန် မျှော်လင့်နေပြီး အတိုက်အခံပါတီများက မိုဒီသာ အာဏာပလ္လင်ပေါ်မှာ ဆက်ရှိ နေလျှင် အိန္ဒိယနိုင်ငံသားများ လွတ်လပ်ခွင့်များစွာ ဆုံးရှုံးရမည်ဟု ဆိုသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုသဘောထားစစ်တမ်းများအရ မစ္စတာမိုဒီ၏ ဘာရတိယာ ဂျာနတာပါတီ (BJP) နှင့် ၎င်း၏ မဟာမိတ်ပါတီများက အိန္ဒိယအောက်လွှတ်တော်နေရာ အများစုတွင် အနိုင်ရနိုင်ခြေရှိနေသည်။

ယင်းအပြင် သတိပြုစရာအချက်တစ်ချက်မှာ အိန္ဒိယရွေးကောက်ပွဲကော်မရှင်အပေါ် နိုင်ငံသားများ၏ ယုံကြည်မှုမှာ ကျဆင်းနေခြင်းပင် ဖြစ်သည်။

၂၀၁၉ မတိုင်ခင်က လူထုသဘောထားစစ်တမ်း ကောက်ယူမှုတစ်ခုတွင် ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းက ရွေးကောက်ပွဲကော်မရှင်အပေါ် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိသည်ဟု ဖြေဆိုခဲ့ကြသော်လည်း ၂၀၁၉ တွင် ကောက်ယူသည့် စစ်တမ်းအရမူ ဖြေဆိုသူ ၂၈ ရာခိုင်နှုန်းကသာ ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှုရှိသည်ဟု ဖြေဆိုခဲ့ကြသည်။

အာဏာရ BJPပါတီအနေနှင့် ၎င်းတို့ ဆန္ဒရှိလျှင် လျှပ်စစ်မဲပေးစက်များကို လိုသလို ခြယ်လှယ်နိုင်သည့် အနေအထားတွင်ရှိကြောင်း လူအများကြား ပျံ့နှံ့နေသည့် ထင်မြင်ယူဆချက်များကြောင့်လည်း ရွေးကောက်ပွဲ ကော်မရှင်အပေါ် လူထုယုံကြည်မှု ကျဆင်းရခြင်းဖြစ်နိုင်သည်။

ရွေးကောက်ပွဲ ကြေညာစာတမ်း

အာဏာရပါတီ BJP ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဝန်ကြီးချုပ်နရန်ဒရာမိုဒီ၏ ပုဂ္ဂိုလ်ရေးအရှိန်အဝါကို အင်မတန် အသားပေး မီးမောင်းထိုးပြထားပြီး မိုဒီ၏ အာမခံချက်များကို ရွေးကောက်ပွဲ ကတိကဝတ် ၂၄ ချက်အဖြစ် ထည့်သွင်းဖော်ပြထားသည်။

၎င်းနှင့် ဆန့်ကျင်စွာပင် အတိုက်အခံအင်အားစု၏ ရွေးကောက်ပွဲကြေညာ စာတမ်းတွင်မူ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကြယ်ပွင့်ဖြစ်သူ ရာဟုဂန္ဒီ၏ အခန်းကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ မှေးမှိန်ထားသည်ကို တွေ့ရသည်။

အကြောင်းမှာ နိုင်ငံရေးမျိုးရိုးမရှိဘဲ အောက်ခြေစစ်သားဘဝမှ ဝန်ကြီးချုပ်ဘဝထိ ကိုယ့်ဒူးကိုယ်ချွန်တက်လှမ်းလာခဲ့သည့် မိုဒီက အိန္ဒိယနိုင်ငံရေးလောကတွင် ဝန်ကြီးချုပ်သုံးဦး ပေါ်ထွက်ခဲ့ပြီး ဖြစ်သည့် ဂန္ဓီမိသားစုမှ ဆင်းသက်လာသည့် ရာဟုဂန္ဓီအား ရေပေါ်ဆီနိုင်ငံရေးသမားအဖြစ် စွပ်စွဲတိုက်ခိုက်နိုင်သည့် အခြေအနေမှ ဟန့်တားကာကွယ်နိုင်ရန် ဖြစ်နိုင်သည်။

မကြာသေးမီကာလအတွင်း မိုဒီသည် အိန္ဒိယနိုင်ငံရှိ အနွမ်းပါးဆုံး ဆင်းရဲသား သန်း ၈၀၀ ကို ဆန်စပါးကောက်ပဲသီးနှံများ အခမဲ့ထောက်ပံ့ပေးခြင်း ၊ ဝင်ငွေနိမ့်မိသားစုဝင် အမျိုးသမီးများကို လစဉ်ထောက်ပံ့ကြေး ၁၂၅၀ ရူပီးထောက်ပံ့ပေးခြင်းစသည့် လူမှုဖူလုံရေးအစီအမံများကို စတင်အသက်သွင်းခဲ့သည်။

BJP အဓိကအတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက်က ၎င်းတို့၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် နိုင်ငံအတွင်းရှိ အလုပ်လက်မဲ့ပြဿနာကို မီးမောင်းထိုးပြပြီး အထူးသဖြင့် လူငယ်အလုပ်လက်မဲ့နှုန်းမှာ မြင့်မားလျက်ရှိကြောင်း ထောက်ပြထားသည်။

အမျိုးသမီးများအတွက် လူမှုဖုံလှုံရေးထောက်ပံ့ကြေး တိုးမြှင့်ပေးရေး၊ အစိုးရအလုပ်အကိုင်သစ် (၃)သန်း ဖန်တီးပေးရေးနှင့် ကောလိပ်ကျောင်းပြီးထားသည့် လူငယ်များအတွက် လစာရ အလုပ်သင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ကတိကဝတ်ပြုထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံကို ဒီမိုကရေစီစနစ်မှ သက်ဦးဆံပိုင်စနစ်သို့ မလျှောကျသွားအောင် ကြိုးစားသွားမည်ဟုလည်း ကတိပြုထားသည်။

BJP ပါတီကမူ တိုင်းပြည်၏ ဒီမိုကရေစီရေချိန်အပေါ် စိုးရိမ်မှုများကို သိပ်အလေးထားဟန်မပေါ်ဘဲ မိမိတို့ပါတီအနေဖြင့် အိန္ဒိယတွင် နှစ်ထောင်နှင့်ချီ ကြွယ်ကြွယ်ဝဝတည်ရှိလာခဲ့သည့် ဒီမိုကရေစီယဉ်ကျေးမှုကို အားပေးမြှင့်တင်သွားမည်ဟု ဆိုသည်။

သို့ရာတွင် BJP ပါတီ၏ ရွေးကောက်ပွဲကြေညာ စာတမ်းတွင်ပါရှိသော မိုဒီ၏ ကတိကဝတ် ၂၄ ချက်တွင် “အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်ရှင်သန်စေရမည်”ဆိုသည့် အချက် တော့ မပါဝင်ပါ။

လူနည်းစုလူမျိုးစုများက ၎င်းတို့သည် မိုဒီ၏ အုပ်ချုပ်မှုအောက်တွင် ခွဲခြားဆက်ဆံမှုနှင့် တိုက်ခိုက်မှုများကို ခါးစည်းခံနေရပြီး ဒုတိယတန်းစားနိုင်ငံသားများအဖြစ် နေထိုင်ရန် ဖိနှိပ်ခံနေရသည်ဟု ပြောဆိုနေကြပြီး ဤစွပ်စွဲချက်များအပေါ် BJP ပါတီက ငြင်းဆန်ထားသည်။

BJP ပါတီအစိုးရကို မေးခွန်းထုတ်သည့် စာနယ်ဇင်းသမားများနှင့် အခြားသော ပုဂ္ဂိုလ်များ ခြိမ်းခြောက်နှောင့်ယှက်ခံရသည့်ဖြစ်ရပ်များမှာ တိုးပွားလာနေပြီး အိန္ဒိယမှာ တစ်စိတ်တပိုင်းသာ လွတ်လပ်သော နိုင်ငံဖြစ်သည်ဟု Freedom House အဖွဲ့က ဆိုသည်။