ဓာတ်မြေဩဇာသယ်ယူခွင့် စစ်ကောင်စီ တင်းကျပ်ထားသဖြင့် လယ်သမားများအခက်တွေ့

0
267
ပုံစာ - ထားဝယ်အရောင်းဆိုင်တစ်ဆိုင်ရှိ ဓာတ်မြေဩစာအိတ်များ။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့က ဓာတ်မြေဩဇာသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်ထားသဖြင့် လယ်သမားများ ဓာတ်မြေဩဇာ လုံလုံလောက်လောက် ဝယ်ယူမရဘဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့အထွက် စစ်ဆေးရေးဂိတ် လေးခုစလုံးတွင် ဓာတ်မြေဩဇာသယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ကားသမားတို့က ဆိုသည်။

“တချို့တော့ ဂိတ်နဲ့ညှိပြီး သယ်ရတဲ့သူတွေတော့ သယ်နေကြတယ်။ ဒါပေမဲ့လည်း တစ်ခါသယ်ရင် လေးငါးဆယ်အိတ် အဲဒီလောက် နည်းနည်းပါးပါးပဲရတာ” ဟု ကားသမားတစ်ဦးက ပြောသည်။

ဓာတ်မြေဩဇာကို ဖောက်ခွဲရေးပစ္စည်းများတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် သယ်ယူခွင့်ကန့်သတ် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း အရောင်းအဝယ်သမားတို့က ပြောဆိုသည်။

“သူတို့က ဖောက်ခွဲရေးလုပ်လို့ရတဲ့ ပစ္စည်းဆိုရင် ဘယ်ပစ္စည်းကိုမဆို အများကြီးသယ်ခွင့်မပေးဘူး။ အဓိကကတော့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တာ။ ဓာတ်ဆီတို့၊ ဒီဇယ်တို့ကို နည်းနည်းစီပဲ ပေးသယ်နေတာလည်း အဲဒါကြောင့်ပဲ” ဟု အရောင်းအဝယ်သမားတစ်ဦးက ပြောသည်။

လယ်သမားများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးသမားတို့မှာမူ ယင်းကဲ့သို့ ပိတ်ဆို့ကန့်သတ်မှုကြောင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း စုံစမ်းသိရသည်။

ယခုနှစ် မိုးရာသီ လယ်လုပ်ချိန်ကျရောက်လာတော့မည်ဖြစ်ရာ လယ်သမားများ ဓာတ်မြေဩဇာဝယ်ယူစုဆောင်းသည့် အချိန်ဖြစ်သည်။

လယ်သမားများအတွက် မိုးရာသီ လယ်ထွန်ရန်နှင့် စိုက်ပျိုးရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာနှင့် စက်သုံးဆီမှာ လက်ရှိအချိန်တွင် သယ်ယူရခက်ခဲနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ကဆိုသည်။

“ဓာတ်မြေဩဇာဝယ်ဖို့ဆိုပြီး စပါးဈေးလေးရတုန်း ရောင်းလိုက်တာ အခုဝယ်လို့မရဘဲဖြစ်နေတယ်။ တော်ကြာ အဲဒီ ပိုက်ဆံတွေ စားဖို့ထဲ (အိမ်သုံးစာရိတ်ထဲ) ပါသွားမှာ စိုးတယ်” ဟု ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လယ်သမားတစ်ဦးက ပြောသည်။

ဓာတ်မြေဩစာနှင့် စက်သုံးဆီသယ်ယူရခက်ခဲနေသဖြင့် ဈေးနှုန်းလည်းမြင့်တက်နေသည်ဟုဆိုသည်။

အိမ်အရောက်ပို့ ဓာတ်မြေဩဇာတစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်အထိရှိနေ‌ပြီး ဓာတ်ဆီဈေးမှာလည်း တစ်လီတာ ၄၀၀၀ ကျပ် အထိ ဝယ်ယူနေရသည့် ဒေသများရှိနေကြောင်း စုံစမ်းသိရှိရသည်။

“စက်သုံးဆီရော၊ ဓာတ်မြေဩဇာရောက ထားဝယ်မှာ လိုသလောက်ဝယ်လို့ရတယ်။ အဓိကက သယ်လို့ပဲ မရတာ” ဟု ကားသမားတစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် မိုးရာသီအချိန်မီ လိုအပ်သည့် ဓာတ်မြေဩဇာများ ဝယ်ယူမရမည်ကို လယ်သမားတို့က စိုးရိမ်နေကြသည်။