သရက်ချောင်း ပဲဒက် စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်

0
857

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးက ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။

ယနေ့ မေလ ၅ ရက် နံနက် ၇ နာရီခန့်ကစပြီး ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။

“မနက်တည်းက ပစ်သံခတ်သံကြားတည်းက ကျွန်တော်တို့လည်း ထွက်ပြေးလာတာ ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ပဲဒက်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပြီး ၂ နာရီကျော်အကြာ နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ် ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပဲဒက်၊ ပိတောက်ကြီး၊ တံခွန်တိုင်၊ ကျောက်ဆည် စသည့်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။

ဒေသခံအချို့နှင့် PDF နှစ်ဦးခန့် ထိခိုက်ဒဏ်ရာရသည်ဟု သတင်းများ ကြားသိရသော်လည်း တိတိကျကျ မသိရသေးကြောင်း ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောဆိုသည်။

“မနက်တည်းက ကားအသွားအလာတော့ သိပ်မရှိဘူး။ ပြင်းဖြူကြီးနဲ့ ချောက်ချောင်းဘက်မှာတော့ ကားတချို့ ပိတ်မိနေတယ်လို့ကြားတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်းတိုက်ခိုက်မှု အခြေအနေတို့ကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဧပြီလကုန်ပိုင်းလည်း တနင်္သာရီမြို့နယ်၊ သိန္ဒောရွာအခြေစိုက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခုနစ်ရက်ထက်မနည်း ဆက်တိုက် တိုက်ခိုက်ခဲ့သေး သည်။