ပူတယ်လေ ဆယ်နေကဲ-တောင်အာရှတစ်ခွင် ဘာဖြစ်နေလဲ

0
279
Photo-AP

၁၇ ရာစုမှာ ပီရူးနိုင်ငံက တံငါသည်တွေဟာ သမုဒ္ဒရာထဲမှာ သဘာဝတရားရဲ့ ထူးခြားတဲ့ အခြင်းအရာတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ သူတို့ တွေ့ရှိလိုက်တဲ့ အခြင်းအရာဟာ အနာဂတ်မှာ ကမ္ဘာကြီးကို ဘယ်လိုဒုက္ခပေးတော့မယ်ဆိုတာကို အဲဒီအချိန်က ပီရူးတံငါသည်တွေ သိခဲ့ကြလောက်မယ် မဟုတ်ပါဘူး။ ခရစ္စမတ်ကာလနားရောက်လာပြီဆိုရင် ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်အခြမ်းက ပင်လယ်ရေတွေဟာ သိသာထူးကဲစွာ ပူနွေးလာပြီး ရာသီဥတုပုံသဏ္ဍန်လည်း ပြောင်းလဲမှုတွေ ရှိလာတယ်။ သူတို့အဖို့ ငါးဖမ်းရတာလည်း ပိုခက်ခဲလာတယ်။ သမုဒ္ဒရာထဲက ဒီလို ဖြစ်တတ်တဲ့ အခြင်းအရာကို ပီရူးတံငါသည်တွေက နာမည်တစ်ခုပေးခဲ့ကြတယ်။

“El Niño de Navidad” “အယ်နီညို”

စပိန်ဘာသာစကားနဲ့ဆိုရင် “ဘုရားသခင်ရဲ့ သားတော်လေး” လို့ အဓိပ္ပါယ်ရတယ်။ ခရစ္စမတ်ကာလ အနားတဝိုက်မှာ ဒါကို ပထမဆုံး သတိပြုမိခဲ့ကြပြီး သမုဒ္ဒရာထဲမှာ ဒီအခြင်းအရာဖြစ်ပေါ်လာတိုင်း ပင်လယ်ရေတွေ နွေးလာတဲ့အတွက် ယေရှုခရစ်တော်မွေးဖွားလာတုန်းက နွေးထွေးမှုကို သတိရစေတဲ့အတွက် ဒီသဘာဝဖြစ်စဉ်ကို “ဘုရားသခင်ရဲ့ သားတော်လေး”လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

“ဘုရားသခင်ရဲ့ သားတော်လေး”လို့ နာမည်ပေးခံထားရတဲ့ အယ်နီညိုဖြစ်စဉ်နဲ့ ရာသီဥတုပြောင်းလဲမှု ပြဿနာဟာ မျက်မှောက်ခေတ်ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ လက်ရှိအာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွေမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ကြောက်ခမန်းလိလိ အပူလှိုင်းတွေရဲ့ နောက်ခံအကြောင်းတရားအဖြစ်ပါ ရှိနေပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဟာ ကမ္ဘာ့လူသားတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ရပ်အဖြစ် တကမ္ဘာလုံးက အာရုံစိုက် ဂရုဓမ္မထားရမယ့် အရေးအရာ ဖြစ်လာနေပါပြီ။

အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှက အပူလှိုင်း

ပြီးခဲ့တဲ့အပတ်တွေကစလို့ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှက နိုင်ငံတော်တော်များများမှာ အပူချိန်ဟာ ကြောက်ခမန်းလိလိ ဆိုးဆိုးရွားရွား မြင့်တက်နေပါတယ်။ အပူရှိန်လွန်ကဲမှုဒဏ်ကြောင့် ဒီဒေသတွေမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီးခဲ့ရပါတယ်။ နိုင်ငံအချို့မှာ စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရပြီး သန်းနဲ့ချီတဲ့ ကျောင်းသားတွေရဲ့ ပညာရေးထိခိုက်နေရပါတယ်။

မခံမရပ်နိုင်အောင် ပူပြင်းတဲ့ဒဏ်ကြောင့် ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဒီနှစ် ဧပြီလက ကျောင်းတွေကို ပိတ်လိုက်ပါတယ်။ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အာဏာပိုင်တွေက ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေ ဒီကနေ့အချိန်အထိ အပူရှပ်ပြီး သေဆုံးခဲ့ရသူပေါင်း ၃၀ ကျော်ရှိနေပါပြီ။အပူရှိန်ဒဏ်ကြောင့် အပင်ပေါ်က ဒူးရင်းသီးတွေ အက်ကွဲကုန်တာကို မြင်တွေ့ခဲ့ရသလို ကောက်ပဲသီးနှံစိုက်ခင်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ကမ္ဘောဒီးယားနိုင်ငံက စစ်အခြေစိုက်စခန်းတစ်ခုမှာ အပူဒဏ်ကြောင့် လက်နက်ခဲယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားအယောက် ၂၀ သေဆုံးခဲ့ရပါတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသအတွင်းမှာ အပူချိန်ဟာ စံချိန်တင်မြင့်တက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနှစ် ဧပြီလဟာ သူ့နိုင်ငံရဲ့ မှတ်တမ်းတွေအရ သမိုင်းတလျှောက် အပူဆုံးလ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းက ချောက်မြို့မှာ အပူချိန်က ၄၈.၂ ဒီဂရီဆဲလ်စီယပ်အထိ မြင့်တက်ခဲ့ပြီး မှတ်တမ်းတွေအရ စံချိန်တင်အမြင့်ဆုံးအပူချိန်ကို ရောက်ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်းက ရေလှောင်ကန်တစ်ခုမှာ အပူဒဏ်ကြောင့် ထောင်ပေါင်းများစွာရှိတဲ့ ငါးတွေ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရပါတယ်။

ဧပြီလမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရဲ့ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီယပ်ကို ရောက်ရှိခဲ့ပြီး ၁၉၅၄ ခုနှစ်ကနေ ဒီကနေ့အထိ မှတ်တမ်းတွေအရ စံချိန်တင်အပူဆုံးလ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကျင်းပနေတဲ့ အိန္ဒိယနိုင်ငံမှာ မကြုံစဖူး လွန်ကဲတဲ့ အပူရှိန်ဒဏ်ကြောင့် မဲလာပေးသူ အရေအတွက် လျော့ကျသွားနိုင်မလားဆိုတာကို အာဏာပိုင်တွေက စောင့်ကြည့်သုံးသပ်နေပါတယ်။ ရာသီဥတုအေးတဲ့ ဂျပန်နိုင်ငံ မြောက်ပိုင်းမှာတောင် အပူချိန်မြင့်တက်မှုဒဏ်ရဲ့ သက်ရောက်မှုနဲ့ မလွတ်ခဲ့ပါဘူး။ ဂျပန်နိုင်ငံ ဆော်ပေါ်ရိုမြို့ရဲ့ ဒီနှစ် ဧပြီလ အပူချိန်ဟာ ပထမဆုံးအကြိမ် ၂၅ ဒီဂရီဆဲလ်စီယပ်ထက် ကျော်လွန်သွားခဲ့ပါတယ်။

ဘာကြောင့် ဒီလောက်ပူနေရတာလဲ

အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှက နိုင်ငံတော်တော်များများဟာ မုတ်သံရာသီနဲ့ မိုးရာသီ မကျရောက်ခင် လတွေမှာ ပုံမှန်အားဖြင့် ရာသီဥတု ပူပြင်းလေ့ရှိပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ အပူချိန်ဟာ သာမန်ထက် ကျော်လွန်နေပါတယ်။

ဒီကနေ့ ကမ္ဘာကြီးရဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် အခုလို အပူလှိုင်းဒဏ်တွေကို အရင်ကထက် ပိုပြီး မကြာခဏ တွေ့ကြုံလာရမယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အပူလှိုင်းတွေက အရင်ကထက် ပိုပြင်းထန်လွန်ကဲပြီး အပူလှိုင်းကျရောက်ချိန်ကလည်း အရင်ကထက် ပိုကြာညောင်းလာမယ်လို့ ဆိုပါတယ်။

အာရှတိုက်ဟာ ကမ္ဘာရဲ့ အခြားအစိတ်အပိုင်းထက် ပိုပြီး လျှင်မြန်စွာ ပူနွေးလာနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းကြီး(WMO) က ထုတ်ပြန်ထားပါတယ်။ ဆစ်ဒနီနည်းပညာ တက္ကသိုလ်က ဧည့်သုတေသီတစ်ဦးဖြစ်သလို မိုးလေဝသပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ မင်လ်တွန်စပီးယား က အယ်နီညိုဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရာသီဥတုအပေါ်မှာ လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အကြောင်း အခုလို ပြောပါတယ်။

“အယ်နီညိုဖြစ်စဉ်အတွင်းမှာ တိမ်တွေ ဖြစ်ထွန်းမှုကျဆင်းသွားတဲ့အတွက် ပျမ်းမျှအားဖြင့် အပူချိန်တွေက မြင့်တက်သွားလေ့ရှိပါတယ်။ ဒီလိုနဲ့ အာရှတိုက်က ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ဒီဂရီဆဲလ်စီယပ်အနည်းငယ်မြင့်တက်သွားပါတယ်။ ဒါက ကုန်းတွင်းပိုင်းရဲ့ ညအပူချိန်ကို ပုံမှန်ထက် မြင့်တက်စေပါတယ်။ ညအပူချိန်ဟာ နဂိုကတည်းက မြင့်မားနေပြီးသား ဖြစ်တဲ့အတွက် နေ့အပူချိန်ဟာ နေ့တနေ့စတင်ကတည်းက မြင့်မားနေပြီး တနေ့တာလုံးရဲ့ အပူချိန်ကိုလည်း မြင့်မားစေပါတယ်”

အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွေမှာ အပူချိန်မြင့်မားနေရတဲ့အကြောင်းအရင်းတွေထဲမှာ သစ်တောပြုန်းတီးမှုနဲ့ မြို့ပြလူနေထိုင်မှုပုံစံတွေလည်း ပါဝင်ပါတယ်။ သစ်တောပြုန်းတီးမှုတွေက ခြောက်သွေ့တဲ့မြေမျက်နှာပြင်တွေကို ဖန်တီးပေးပြီး ကွန်ကရစ်၊ မှန်နဲ့ သံမဏိတွေနဲ့ ဆောက်ထားတဲ့ တိုက်တာ အဆောက်အအုံတွေက အပူချိန်ကို စုပ်ယူထားလေ့ရှိတဲ့အတွက် ပိုပြီး ပူပြင်းနေရတာ ဖြစ်ပါတယ်။

ကမ္ဘာကြီး လက်ရှိရင်ဆိုင်နေရတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးထက် အာရှဒေသရဲ့ အပူချိန်က ပိုမြင့်တက်လာမယ်။ အာရှဒေသဟာ ပိုခြောက်သွေ့လာပြီး မိုးခေါင်တဲ့ပြဿနာတွေ ပိုပြီး မကြာခဏ ရင်ဆိုင်လာရဖို့ ရှိတယ်။ အာရှတိုက်ရဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ ဆက်လက်ပြီး မြင့်တက်လာမယ်။

မိုးရွာသွန်းမှုနဲ့ ဆီးနှင်းရွာကျမှု ပုံသဏ္ဍာန်တွေ ပြောင်းလဲလာပြီး အာရှဒေသဟာ ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေနဲ့ ခဏခဏရင်ဆိုင်လာရမယ်။ အာရှတိုက်ရဲ့ အေးခဲနေတဲ့ တောင်တန်းဒေသတွေပေါ်မှာ ရေခဲမြစ်တွေ ပိုမိုအရည်ပျော်ပျောက်ကွယ်လာမယ်လို့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်လိုက်တဲ့ Intergovernmental Panel on Climate Change(IPCC) ရဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ဘယ်သူတွေမှာ အများဆုံး ထိခိုက်လဲ

အခုလို အပူချိန်အဆမတန်မြင့်မားတဲ့ဒဏ်ကို ကလေးသူငယ် ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေက အဆိုးရွားဆုံး ထိခိုက်ခံစားရပါတယ်။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းနဲ့ ရောဂါအခံရှိသူတွေဟာ များသောအားဖြင့် အပူရှိန်လွန်ကဲမှုဒဏ်ကို ပိုပြီး မြန်မြန်ဆန်ဆန် ခံစားရပါတယ်။ လူချမ်းသာတွေအဖို့ တတ်နိုင်ပေမယ့် ဆင်းရဲနွမ်းပါးသူတွေရဲ့ အိမ်တွေမှာ အဲယားကွန်းနဲ့ ပန်ကာလို လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုနိုင်တာ ရှားပါတယ်။ ဒီလောက်ပူပြင်းတဲ့ နေအပူရှိန်အောက်မှာတောင် စားဝတ်နေရေးအတွက် အိမ်အပြင်ထွက်ပြီးအပူဒဏ်အကာအကွယ်မပါဘဲ အလုပ်လုပ်နေရသူတွေ ဒုနဲ့ဒေးပါပဲ။ တကယ်ကို အရှင်လတ်လတ် ငရဲကျနေရသလိုပါပဲ။

၂၀၂၄ ခုနှစ် မေလမှာ ပစိတ်ဖိတ်နဲ့ အရှေ့အာရှဒေသအတွင်း ကလေးသူငယ် ၂၄၃ သန်းဟာ အပူလှိုင်းဒဏ်ကြောင့် အန္တရာယ်ရှိအခြေအနေမှာ ကျရောက်နေတယ်လို့ ကုလသမဂ္ဂကလေးသူငယ်အေဂျင်စီတစ်ခုဖြစ်တဲ့ ယူနီဆက်ကလည်း ထုတ်ပြန်ထားပါတယ်။

အပူလှိုင်းဒဏ်ကို အချိန်ကြာကြာ ခံစားနေရတဲ့ ကလေးဟာ Heat Stress လို့ ခေါ်တဲ့ အပူလွန်ကဲမှုဒဏ်ကို ခံစားရနိုင်တယ်။ သွေးလှည့်ပတ်မှုနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ကိုယ်တွင်းအင်္ဂါ ပျက်စီးအလုပ်မလုပ်တာတွေ ၊ ကြွက်သားနဲ့ အာရုံကြောထိခိုက်ပျက်စီးတာတွေလို ဆိုးရွားတဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်” ဆိုပြီး ယူနီဆက်ရဲ့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ Ms Salwa Aleryani က ပြောပါတယ်။

အပူလှိုင်းဒဏ်ကို အစိုးရတွေက ဘယ်လိုတုံ့ပြန်နေကြလဲ

လက်ရှိအပူလှိုင်းဒဏ်ခံစားနေရတဲ့ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံအချို့မှာ အာဏာပိုင်တွေက နိုင်ငံသားတွေကို အိမ်အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။ နီပေါနိုင်ငံမှာ အရေးပေါ်အခြေအနေအတွက် ဆေးရုံတွေကို အရန်သင့် ပြင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ စာသင်ကျောင်းတွေကို ရက်အတန်ကြာ ပိတ်ထားလိုက်ပါတယ်။

“ကလေးတွေ အတော်များများက အိမ်မှာ အဲယားကွန်းနဲ့ ပန်ကာတွေ အသုံးပြုနိုင်စွမ်း ရှိကြတာ မဟုတ်ဘူး။ မိသားစုစားဝတ်နေရေးအတွက် အိမ်အပြင်ထွက် အလုပ်လုပ်နေရတဲ့ မိဘတွေအနေနဲ့လည်း ကလေးတွေကို အနီးကပ်ဂရုစိုက်ကြီးကြပ်ပေးနိုင်မှာမဟုတ်တဲ့အတွက် ကလေးတွေရဲ့ ပညာရေးမှာ ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်” လို့ Ms Aleryani က ထောက်ပြပါတယ်။

အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေမှာ လက်ရှိခံစားနေရတဲ့ အပူလှိုင်းဒဏ်တွေဟာ ဒေသတွင်း မုတ်သုံရာသီရဲ့ အပူချိန်လျော့ကျချိန်ရောက်တဲ့အထိတောင် ဆက်လက်တည်ရှိနေဦးမယ်လို့ ပညာရှင်တစ်ယောက်က ခန့်မှန်းပါတယ်။

အာရှအပေါ် သက်ရောက်မှု

အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အများဆုံးထိခိုက်ခံစားရတဲ့ နေရာဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO) ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အာရှမှာ လူသေကြေပျက်စီးမှုတွေနဲ့ စီးပွားရေးထိခိုက်ပျက်စီးမှုတွေရဲ့ အဓိကအကြောင်းခံတွေက ရေလွှမ်းမိုးမှုတွေနဲ့ မုန်တိုင်းတွေပဲဆိုတာကို အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

အာရှတိုက်ဟာ ကမ္ဘာပေါ်က ကျန်တဲ့နေရာတွေထက် ပိုပြီး လျှင်မြန်စွာ ပူနွေးလာနေပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အာရှမှာ မြင့်တက်လာတဲ့အပူချိန်ဟာ ၂ ဒီဂရီဆဲလ်စီယပ်နီးပါးအထိ ရှိပါတယ်။ ဒီအပူချိန်မြင့်တက်မှုဟာ ၁၉၆၁ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်း မှတ်တမ်းတင်ထားခဲ့တဲ့ ပျမ်းမျှအပူချိန်ထက်တောင် ကျော်လွန်မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ နိုင်ငံတော်တော်များများဟာ ၂၀၂၃ ခုနှစ်မှာ စံချိန်တင်အပူချိန်ကို ရောက်ရှိခဲ့ကြပြီး အာရှဒေသ တနံတလျားမှာ မိုးခေါင်မှုကနေ ရေကြီးမှု ၊ မုန်တိုင်းနဲ့ အပူလှိုင်းဒဏ်တွေအထိ ခံစားခဲ့ရတယ်လို့ WMO အကြီးအကဲ Celeste Saulo က ပြောပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက ဒီသဘာဝဘေးအန္တရာယ်တွေကို ပိုမိုဆိုးရွားပြင်းထန်လာစေပြီး အရင်ကထက် ပိုပြီး မကြာခဏဖြစ်လာအောင် လောင်စာဖြည့်ပေးနေတယ်လို့ သူမက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာရှတိုက်မှာ ရေနဲ့ဆက်နွယ်တဲ့ သဘာဝဘေးအန္တရာယ်ပေါင်း ၇၉ ခု ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေလွှမ်းမိုးမှုနဲ့ မုန်တိုင်းတွေ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူ ၉ သန်းဟာ ဒီသဘာဝဘေးအန္တရာယ်တွေရဲ့ သက်ရောက်မှုဒဏ်ကို တိုက်ရိုက်ထိတွေ့ခံစားခဲ့ရတယ်လို့ WMO က ထုတ်ပြန်ထားခဲ့ပါတယ်။

“ကမ္ဘာ့လေထုရဲ့ အပူချိန်မြင့်တက်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်စတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ အလိုက်သင့်လိုက်ပါပြောင်းလဲနေထိုင်ဖို့အရေးဟာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘူး။ မဖြစ်မနေလုပ်ကို လုပ်ရမယ့်အရာ ဖြစ်နေပြီ”လို့ WMO အကြီးအကဲ Celeste Saulo က ပြောပါတယ်။

ကမ္ဘာကြီးဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအကျပ်အတည်းထဲ ကျရောက်နေပြီဆိုတဲ့အကြောင်း ဩစတြေးလျနိုင်ငံ Curtin University က ပါမောက္ခ Dr.Peter Newman ကလည်း အခုလို ပြောပါတယ်။

“ကမ္ဘာ့လေထုအပူချိန်ကို မြင့်တက်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ၂၀၄၀ မတိုင်ခင် net zero အထိ ရောက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အခုဖြစ်နေတာအားလုံးကို ချက်ချင်းဆိုသလို ထိန်းချုပ်နိုင်သွားမှာပါ။ အဲဒီမတိုင်ခင်မှာ တော့ ကျွန်တော်တို့ဟာ ရေကြီးမှုတွေ၊ မီးလောင်မှုတွေနဲ့ ရာသီဥတုပြောင်းလဲမှုပုံသဏ္ဍန်အားလုံးကနေ ပေါ်ပေါက်လာမယ့် ဘေးအန္တရာယ်တွေကို ပိုမျှော်လင့်ထားရတော့မှာ ဖြစ်ပါတယ်”

အာရှတိုက် နေရာအနှံ့မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ရေလွှမ်းမိုးမှုတွေဟာ “ကြောက်စရာကောင်းတဲ့ တပ်လှန့်သံ”တွေပဲလို့ သူက ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ ပီရူးတံငါသည်တွေ ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ သားတော်လေးကတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါပြီ။

ဈာန်ဟိန်း

Ref : BBC, The Guardian, Al Jazeera, The Telegraph, CNA, The Straits Times