၁၃ နှစ်မပြည့်မီ ကလေးတွေကို ဖုန်းပေးမသုံးဖို့

0
367

အသက် ၁၃ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စမတ်ဖုန်း သုံးစွဲခွင့်မပေးသင့်ဘူး လို့ မကြာသေးမီက ထွက်လာတဲ့ ပြင်သစ်အစီရင်ခံစာ တစ်ရပ်က သတိပေးလိုက်ပါတယ်။

TikTok, Instagram, Snapchat အစရှိတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေကို အသက် ၁၈ နှစ် မပြည့်ခင်မှာ သုံးစွဲခွင့်မပြုသင့်ကြောင်း အဲဒီ အစီအရင်ခံစာတစ်ရပ်မှာ သတိပေးထားပါတယ်။

ဒီလေ့လာမှုအစီအရင်ခံစာဟာ ပြင်သစ်သမ္မတ Emmanuel Macron က ကလေးတွေအတွက် ဖုန်း ၊ တက်ဘလက် ၊ ကွန်ပျူတာဖန်သားပြင်တွေနဲ့ ထိတွေ့ချိန်တွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ပြီး ပညာရှင်အုပ်စုတစ်စုကို တာဝန်ပေးလေ့လာစေခဲ့ရာကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးအကျိုးအမြတ်ရရှိရေးကို အဓိကဦးတည်နေကြတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ လူ့ဦးနှောက်ရဲ့ သိမှတ်မှုအစွဲမှားတွေကို အသုံးချပြီး ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လိုသလို ခြယ်လှယ်လွှမ်းမိုးနေပါတယ်။

ကလေးတွေရဲ့ အာရုံကို အမျိုးမျိုးဖမ်းစားထိန်းချုပ်ပြီးတော့ ဖုန်းနဲ့ မျက်နှာခွာမရအောင် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ထိန်းချုပ်ခြယ်လှယ်မှုတွေကနေ ကလေးတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေတယ်ဆိုတဲ့အကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

အသက် ၃ နှစ်အောက်ရှိတဲ့ ဘယ်ကလေးမဆို တီဗီအပါအဝင် ဘယ်ဖုန်း ၊ ကွန်ပျူတာ ၊ တက်ဘလက်စခရင်မျိုးနဲ့မှ ထိတွေ့မှုလုံးဝ မရှိသင့်ဘူးလို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ ကလေးတစ်ယောက်ကို အသက် ၁၁ နှစ်မပြည့်ခင်မှာ ကိုယ်ပိုင်ဖုန်းသုံးစွဲခွင့်မပေးသင့်ဘူးလို့လည်း လမ်းညွှန်ထားပါတယ်။

အသက် ၁၁ နှစ်ကနေ ၁၃ နှစ်အကြားရှိတဲ့ ကလေးတစ်ယောက်ကို ဖုန်းသုံးခွင့်ပေးမယ်ဆိုရင် အင်တာနက်သုံးခွင့်မပေးဘဲ ထားရမယ်။ အသက် ၁၃ နှစ် ပြည့်ပြီးမှသာ အင်တာနက်သုံးခွင့် ပေးရမယ်။ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုချင်တယ်ဆိုရင် နည်းပညာကျင့်ဝတ်ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ Mastodon လို ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးကိုပဲ အသုံးပြုသင့်တယ်။

ကုမ္ပဏီစီးပွားရေးအကျိုးအမြတ်ကိုပဲ အာရုံစိုက်တဲ့ Tik Tok, Instagram, Snapchat တို့လို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုတော့ အသက် ၁၈ နှစ် မပြည့်မချင်း မသုံးပြုသင့်ဘူးလို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိပ်ရေးဝဖို့ လိုအပ်ရတဲ့ သိပ္ပံနည်းကျ အကြောင်းအရင်းတွေကိုလည်း ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ ပိုမိုသိရှိနားလည်ထားဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်စခရင်တွေနဲ့ လက်လွတ်စပယ် ထိတွေ့ခွင့်ပေးထားတာဟာ ကလေးတွေရဲ့ အမြင်အာရုံ၊ ကိုယ်ခန္ဓာဇီဝကမ္မဖြစ်စဉ် လည်ပတ်ပုံ၊ ဉာဏ်ရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးတွေနဲ့ ပက်သက်ပြီး လူတွေ နိုးနိုးကြားကြားရှိနေသင့်တယ်ဆိုတဲ့အကြောင်း လေ့လာမှုအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ပညာရှင်တစ်ဦးက ဆိုပါတယ်။

“ဆိုရှယ်မီဒီယာအယ်လ်ဂိုရစ်သမ်တွေက လူ့ဦးနှောက်ထဲက သာယာမှုကို ခံစားတဲ့ စနစ်ကို လှုံ့ဆော်ပေးပြီး ခင်ဗျားကို content တွေထဲမှာ အမြဲစိတ်ဝင်စားနေအောင် လုပ်ပြီး တားမရဆီးမရ စွဲလမ်းသွားအောင် လုပ်နေတယ်။ ခင်ဗျားက ဖုန်းထဲမှာ ဗီဒီယိုလေး တစ်ပုဒ်နှစ်ပုဒ်ကြည့်လိုက်ဦးမယ်လို့ စိတ်က ဆုံးဖြတ်လိုက်ပေမယ့် ဗီဒီယိုတွေ လျှောက်ကြည့်နေတာနဲ့ တညနေလုံး အချိန်ကုန်သွားတယ်။ ဒါကို ခင်ဗျား မေးခွန်းထုတ်သင့်တယ်လေ”

Ref: The Guardian