ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
621

ရွှေဈေးစံချိန်တင်တက်နေရာမှ ယခုအပတ်တွင် ကျရိပ်ပြလာပြီး ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အပြောင်းအလဲအနည်းငယ်ဖြင့် တောက်လျောက် ဈေးဖွင့်ထားသည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ကျရိပ်ပြခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ပြီးခဲ့သည့်အပတ်က စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် ၄၈ သိန်းအထိ အမြင့်ဆုံးတက်ခဲ့ပြီးနောက် ငွေကျပ်သောင်းဂဏန်း ပြန်ကျလာသည်။

ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၇၄၀၀၀၀ (လေးဆယ့်ခုနစ်သိန်းလေးသောင်း)ကျပ် ဈေးဖွင့်ထားခဲ့သည်။

ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင်ပင် နေ့စဉ် အပြောင်းအလဲ နည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုအပတ်အတွင်း မြန်မာငွေတစ်သိန်းလျှင် ၉၃၇ ဘတ်နှင့် ၉၄၈ ဘတ်ကြား ဈေးဖွင့်ထားခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၄၂ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ကျရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၉၃၀ ကျပ် ဈေးဖွင့်ထားရာက ၂၉၁၅ ကျပ် ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ကျပ် ၃၀၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်ဈေးတက်နေရာက ကျရိပ်ပြလာသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဆက်ပြီး ကျလာနိုင်သည်။

ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းလည်း တက်နေရာက ပြန်ကျလာပြီး မေလ ၄ ရက်နေ့ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၃၀၂ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၃၃၈ ဒေါ်လာပေါက်ဈေးရှိသည့်အတွက် တစ်အောင်စလျှင် ၃၆ ဒေါ်လာ ဈေးကျသွားသည်။

ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အတက်အကျအပေါ် တည်မှီနေရာ လာမည့်အပတ်ရွှေဈေးမှာ ဆက်ပြီးကျလာနိုင်သော်လည်း ပြည်တွင်းစီးပွားရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများကြောင့် အကျကြမ်းမည့် အနေအထားမရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဈေးဆက်ဖွင့်နေမည့် အနေအထားရှိသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကဝင်ပေါက်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ အားလုံးရပ်တန့်နေဆဲဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြား ပြည်ပသို့ထွက်ခွာနေကြသည့်အတွက် ပြည်တွင်းတွင် လုပ်သားအရင်းမြစ်ရှားပါးကာ ကုန်ထုတ်လုပ်ငန်း၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဆောက်လုပ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကုန်ထုတ်စွမ်းအား မတည်မငြိမ်ဖြစ်နေသည်။

ထိုအခြေအနေများကြောင့် ထိုင်းဘတ်ဈေးလဲနှုန်းမှာ လက်ရှိနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းလည်း တက်နေပြီး တစ်ဒေါ်လာလျှင် ၃၉၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။