ဘူးသီးတောင် စကခ ၁၅ တပ်မဌာနချုပ်နှင့် တပ်ရင်းလေးခုတို့ကို AA သိမ်းယူ

0
311
Photo - AA Info Desk ပုံစာ - ခမရ ၅၆၄ တပ်ရင်းကို AA က ဧပြီလ ၅ ရက်တွင် သိမ်းယူထားစဉ်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း‌လေးခုတို့ကို သိမ်းယူထားကြောင်း ရက္ခိုင့်တပ်တော် (AA) က မေလ ၄ရက်တွင် ထုတ်ပြန်သည်။

စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး စကခ ၁၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၁ ကို မေလ ၃ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တပ်ရင်းဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စကခ ၁၅ လက်အောက်ခံ နောက်ထပ်တပ်ရင်းများဖြစ်သည့် ခမရ ၅၆၅ ကို ဧပြီလ ၂၄ရက်၊ ခမရ ၅၆၄ ကို ဧပြီလ ၅ ရက်၊ ခမရ ၅၅၂ ကို မတ်လ ၂၅ ရက်တို့တွင် သိမ်းယူနိုင်ခဲ့ကြောင်းလည်း AA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်ကျော့ပြန်စတင်ခဲ့သည့် ရခိုင်ပြည်နယ်က တိုက်ပွဲမှာ ခြောက်လနီးပါးရှိလာပြီဖြစ်ပြီး စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်တို့ကို AA က နေ့စဉ်ရက်ဆက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ရခိုင်တွင် စကခ သုံးခုရှိသည့်အနက် ကျောက်တော်မြို့ရှိ စကခ (၉) ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၁ တွင် အပြီးသတ်သိမ်းယူ နိုင်ခဲ့ပြီး ဘူးသီးတောင် စကခ ၁၅ ရှိ ကျန်ရှိသည့် တပ်ရင်းလေးခုတို့ကို ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

အဆိုပါတပ်ရင်းများမှာ ခမရ (၃၄၅) ၊ ခမရ (၃၅၂) ၊ ခမရ (၃၅၃) ၊ ခမရ (၅၃၅) တို့ဖြစ်သည်။

ယင်းအပြင် ဘူးသီးတောင်ဗျူဟာ လက်အောက်ခံတပ်ရင်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။ အဆိုပါ တပ်ရင်းများမှာ ခြေလျင်တပ်ရင်း ခလရ (၂၃၃) ၊ ခလရ (၂၃၄) ၊ ခလရ (၂၆၃) နှင့် အမြောက်တပ်ရင်း အမတ (၃၇၈) တို့ဖြစ်သည်။

တပ်ရင်းဌာနချုပ်နှင့် တပ်ရင်းတို့ကို သိမ်းယူရာတွင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဖမ်းမိထားကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းသိမ်းတိုက်ခိုက်ရာတွင် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို လိုက်လံရှင်းလင်းသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ကြောင်းလည်း ဖော်ပြသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းရှိ တာဝါတိုင်စခန်းကုန်း၊ (၆) မိုင်စခန်းကုန်းတို့အပြင် နခခ-၁ (ကျီးကန်းပြင်) ၊

နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း သိမ်းယူထားနိုင်ကြောင်း AA က ဆိုသည်။

အထက်ပါတိုက်ပွဲများအတွက် AA ဘက်လည်း ရဲဘော်များ သေဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများ ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယင်းအပြင် မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲမြို့များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းမြို့နယ်ထဲက တောဟိန်းတောင်ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။