ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
519

ယခုအပတ် ရွှေဈေးသည် တောက်လျှောက်တက်နေပြီး စံချိန်တင်အမြင့်ဆုံးဈေးသို့ ရောက်နေသည်။

ထိုင်းဘတ်ဈေးလည်း ပုံမှန် လိုက်တက်လာပြီး ဈေးတန်းအမြင့်တွင် ရှိနေသည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ တက်ရိပ်ပြခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးမှာ အတက်အကျကြမ်းကြမ်းဖြင့် စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်နေခဲ့သည်။

နေ့စဉ်အလှုပ်အခတ်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်ကိုးသောင်းအထိ အပြောင်းအလဲ ရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း နေ့စဉ်ပုံမှန် တက်နေပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၄၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် တက်ရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၉၂၀ ကျပ် ဈေးဖွင့်ထားရာက ၂၉၃၀ ကျပ် ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ကျပ် ၃၀၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်ဈေးတန်းတွင် အပြောင်းအလဲများစွာဖြင့် ဈေးဖွင့်ခဲ့သည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က စံချိန်တင်တက်သွားသည့် ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းက အနည်းငယ်ပြန်ကျလာသော်လည်း အကြီးအကျယ်ကျမည့် အရိပ်အယောင် မတွေ့ရပေ။

စစ်မီးတောက်နေသည့် ယူကရိန်း-ရုရှားအရေး၊ ရန်စောင်နေဆဲ အစ္စရေး-အီရန် ပဋိပက္ခစသည့် ကမ္ဘာ့ရေးရာများကြောင့် ရွှေကို ပိုမိုစုဆောင်းလာကြသည့်အတွက် ကမ္ဘာ့ရွှေဈေးမှာ တက်ရိပ်ပြကာ အလှုပ်အခတ်အမြဲရှိနေမည့် အခင်းအကျင်းဖြစ်သည်။

ဧပြီလ ၂၇ ရက်နေ့ ပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် ၂၃၃၈ ဒေါ်လာ ဈေးဖွင့်ထားပြီး ပြီးခဲ့သည့်အပတ်ကမူ ၂၃၄၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။

ယခင်အပတ်ထက် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေခြင်း၊ နိုင်ငံအနှံ့တွင်လည်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျကာ ခိုင်မာမှုအားနည်း နေခြင်း ကြောင့် ပြည်တွင်းရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိပေါက်ဈေးအောက် ပြန်ကျမည့် အရိပ်အယောင်မရှိသေးပေ။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကဝင်ပေါက်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ တိုက်ပွဲများကြောင့် အားလုံးရပ်တန့်သွားသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြား ပြည်ပသို့ထွက်ခွာနေ ကြသည့်အတွက် ပြည်တွင်းတွင် လုပ်သားအရင်းမြစ်ရှားပါးကာ ကုန်ထုတ်လုပ်ငန်း၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဆောက်လုပ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကုန်ထုတ်စွမ်းအား မတည်မငြိမ်ဖြစ်နေသည်။

ထိုအခြေအနေများကြောင့် ထိုင်းဘတ်ဈေးလဲနှုန်းမှာ လက်ရှိနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းလည်း တက်နေပြီး တစ်ဒေါ်လာလျှင် ၃၉၂၅ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။