စံချိန်တင်ရွှေစျေးနှင့် တစ်ပတ်အတွင်း စျေးကွက်သုံးသပ်ချက်

0
487

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်ကြမ်းကြမ်းဖြင့် အတက်အကျဖြစ်နေခဲ့သည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေသော်လည်း ကမ္ဘာ့စက်သုံးဆီစျေးမှာ မြင့်တက်လာနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျကြမ်းခဲ့ပြီး တစ်ရက်နှင့် တစ်ရက်ဈေးနှုန်း အလှုပ်အခတ်ကြမ်းကာ တစ်ကျပ်သားလျှင် ငွေကျပ်ခုနစ်သောင်းအထိ အပြောင်းအလဲရှိခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ်ငါးသိန်းဝန်းကျင်ဈေးဖွင့်ထားသည်

ထိုင်းဘတ်ဈေးမှာ ဈေးအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၆၇ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ကျရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၈၇၀ ကျပ် ဈေးဖွင့်ထားရာက ၂၈၆၅ ကျပ်ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၉၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

သို့သော်ကမ္ဘာ့စက်သုံးဆီစျေးကွက်တွင် စျေးတက်စပြုနေသဖြင့် ပြည်တွင်းစက်သုံးဆီစျေး မြင့်တက်လာဖွယ်ရှိနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးတန်းအမြင့်ကို ရောက်နေသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင် တက်ရိပ်ပြလာနိုင်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းကလည်း စံချိန်တင်တက်နေပြီး

ဧပြီလ ၅ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၃၃၀ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၂၃၃ ဒေါ်လာသာ ပေါက်ဈေးရှိခဲ့သည်။

နိုင်ငံအနှံ့တွင်လည်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြား ပြည်ပသို့ထွက်ခွာနေကြသည်။

ထိုကြောင့် လုပ်သားအရင်းမြစ်ရှားပါးကာ ကုန်ထုတ်လုပ်ငန်း၊ ကုန်ပစ္စည်းဖြန့်ချိရေး၊ ဆောက်လုပ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကုန်ထုတ်စွမ်းအား မတည်မငြိမ်ဖြစ်နေသည်။

ကမ္ဘာ့ရွှေဈေးစံချိန်တင်တက်နေခြင်းနှင့် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုများကြောင်း ပြည်တွင်းရွှေဈေးမှာ လက်ရှိပေါက်ဈေးထက် ပိုတက်လာနိုင်သည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိပေါက်ဈေးအောက် ပြန်ကျမည့် အရိပ်အယောင်မရှိဘဲ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည့် အနေအထားရှိသည်။

စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလိုသည့် လူငယ်အများအပြားက ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေကြခြင်း၊ ကျပ်ငွေတန်ဖိုးထိုးကျနေသည့်အတွက် ငွေကြေးတတ်နိုင်သူများက ပိုမိုခိုင်မာသည့် ထိုင်းဘတ်ငွေပြောင်းကိုင်လာကြခြင်းစသည့်အကြောင်းတရားများကြောင်း ထိုင်းဘတ်ဈေးလဲနှုန်းမှာ လက်ရှိနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းလည်း ဈေးတန်းအမြင့်တွင်ရှိနေပြီး တစ်ဒေါ်လာလျှင် ၃၈၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။