တနင်္သာရီမြို့နယ် သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က ၇ ရက်ဆက် လေကြောင်းမှတိုက်ခိုက်

0
323

စစ်ကောင်စီတပ်စခန်းရှိသည့် တနင်္သာရီမြို့နယ်၊ သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း မြိတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

သိန္ဒောရွာအခြေစိုက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က သတင်းရပြီး ယင်းနေရာတစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၂၉ ရက်တွင်လည်း စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။

“သူတို့မြေပြင်စစ်ကူမရောက်တဲ့ အနေအထားမျိုးမှာ လေယာဉ်နဲ့ဗုံးကြဲတာဖြစ်မှာပေါ့၊ နှစ်ဖက်စလုံးမှာ တင်းမာမှုတွေရှိတယ်၊ ဆုံးရှုံးမှုတွေရှိတယ်၊ ကျဆုံးမှုတွေရှိတယ်” ဟု မြိတ်ခရိုင် အမှတ်-၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီစခန်းရှိရာ သိန္ဒောရွာအပြင် သူဌေးရွာ၊ ဘန်းပြည့်ရွာများကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ K8W ဂျက်ဖိုက်တာ တစ်စီး၊ Mi2 ရဟတ်ယာဉ်တစ်စီးတို့ဖြင့် တစ်ရက်လျှင် ၈၁ မမ ဗုံးသီး အလုံးရေ ၃၀ ခန့်ကို ၆ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများလည်း လုပ်ဆောင်ခဲ့သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိသော်လည်း သိန္ဒောရွာအခြေစိုက်စခန်းက စနိုက်ပါနှင့် ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း-၁ က တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရန်သူဘက်က ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး၊ ပူးပေါင်းစစ်ကြောင်း ၁ က နှစ်ယောက်ဒဏ်ရာရပြီး ၁ ဦးသေတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲပြီးသည့်နောက် သိန္ဒောရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့(ဧပြီ ၂၉) မနက်တွင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ရေခမ်းချောင်းရွာတွင် အမျိုးသမီးနှစ်ဦး မြေမြုပ်မိုင်းနင်းမိသည်ဟု တနင်္သာရီမြို့နယ်က စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

ဇဝဲအခြေစိုက် ခလရ ၅၅၆ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တနင်္သာရီဆင်ခြေဖုံးကျေးရွာအုပ်စု မမသောင်ကျေးရွာက ဒေသခံနှစ်ဦးလက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှုများရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။