တနင်္သာရီ၊ သကျက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလေးဆယ်ကျော်ကြဲချ

0
412
ပုံစာ - သကျက်လမ်းပိုင်းတစ်နေရာ(ပုံဟောင်း)

တနင်္သာရီမြို့နယ် သကျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၉) ညနေ ၃ နာရီကျော်တွင်လေကြောင်းဖြင့် ဗုံး ၄၃ လုံးကြဲချခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

သကျက်ရွာနှင့် ၂၅ မိုင်ခန့်အကွာက သန္ဒောရွာတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်သဖြင့် လေကြောင်းသုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

Mi -2 ရဟတ်ယာဉ်နှစ်စီးဖြင့် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ ဥယျာဉ်ခြံထဲသို့ ကြဲချသွားခြင်းဖြစ်ကြောင်း‌ ၎င်းတို့ကဆိုသည်။

“လယ်တွေနဲ့ ဥယျာဉ်တွေထဲကိုကျတာ။ ရွာထဲကိုတော့မကျဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

‌မွန်းလွဲ ၂ နာရီခန့်မှစပြီး သကျက်ကျေးရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားနေပြီး ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ ရဟတ်ယာဉ်ဖြင့် ဗုံလာကြဲသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းသည် သကျက်၊ ဘန်ကြုတ်၊ သိန္ဒောလမ်းကိုအသုံးပြုပြီး သိန္ဒောစစ်ကောင်စီ ထောက်ပို့တပ်စခန်းသို့ လက်နက်၊ ရိက္ခာများဖြည့်တင်းနေခြင်းဖြစ်သည်။

ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် သိန္ဒောစစ်ကောင်စီထောက်ပို့စခန်းအတွက် စစ်ကူလာသည့် ခမရ ၂၆၁ တပ်ရင်းကို တော်လှန်ရေးတပ်များက သကျက်ကျေးရွာအုပ်စုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

“သူတို့ပို့တဲ့စစ်ကူက ရှေ့ကိုတိုးမပေါက်တဲ့အခါကျတော့ လေကြောင်းကနေ တိုက်ခိုက်လာတာ” ဟု ၎င်းတပ်ဖွဲ့ဝင်ကဆိုသည်။

သိန္ဒောစခန်းကို တော်လှန်ရေးတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေချိန် စစ်ကောင်စီကလည်း နေ့စဉ်ရက်ဆိုသလို လေကြောင်းသုံးပစ်ကူပေးလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံမှ သိရသည်။