ကော့သောင်းမြို့တွင် ရေရှား၊ ရေပေးဝေရေးစီမံကိန်း အလုပ်မဖြစ်သေး

0
297

ကော့သောင်းမြို့တွင် သောက်သုံးရေ ရှားပါးနေပြီး ရေဈေးနှုန်းလည်း မြင့်တက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ရေကားထံမှ ဝယ်ယူအသုံးပြုနေရသူတို့မှာ ရေလုံလောက်အောင် ဝယ်မရသဖြင့် အခက်အခဲဖြစ်နေကြောင်း မြို့ခံအချို့က ဆိုသည်။

“ရေကားက ကိုယ်လိုတဲ့အချိန်ဆို မရဘူး။ ရေကားအိမ်ရှေ့က ဖြတ်လာတာကို သီးသန့်ထိုင်စောင့်နေရတာ။ အခု (ရေ) မနည်းကို ချွေတာပြီး သုံးနေရတယ်” ဟု ၎င်းက မြို့ခံတစ်ဦးက ပြောသည်။

ရာသီဥတု အလွန်ပူပြင်းလာသည့် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းများ ခန်းခြောက်လာသဖြင့် မှာယူသည့် ပမာဏအတိုင်း ရေ မပို့ပေးနိုင်တော့ကြောင်း ရေရောင်းချသူတစ်ဦးက ဆိုသည်။

“အရင်ကဆို တွင်းတွေက အလျှံအပယ်ထွက်တာ။ ကြိုက်သလောက်စုပ် မခန်းသွားဘူး။ ခဏနေ ပြန်ပြည့်တယ်။ အခုက တစ်ခါ စုပ်ပြီးရင် ပြန်ပြည့်ဖို့ကို မနည်းစောင့်နေရတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ရေလိုသလောက် စုပ်ယူနိုင်သော်လည်း ယခုလက်ရှိတွင်မူ တစ်ရက်လျှင် ရေတိုင်ကီ ၁၅၀ ခန့်သာ စုပ်ယူနိုင်တော့သဖြင့် မှာယူထားသူများအား အချိုးကျ ပို့ပေးနေရကြောင်း အထက်ပါ ရေရောင်းချသူက ပြောဆိုသည်။

လက်ရှိတွင် ရေဈေးနှုန်းလည်း မြင့်တက်နေပြီး တိုင်ကီဝယ်ရသူများမှာ ရေတစ်တိုင်ကီလျှင် ယခင် ၁၀၀၀ ကျပ်အစား ၁၂၀၀ ကျပ်၊ ရေမီတာဖြင့် သုံးသူများမှာလည်း ယခင် တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ မှ လက်ရှိတွင် ၂၅၀၀ ကျပ်သို့ မြင့်တက် နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

“အချို့ရပ်ကွက်တွေမှာဆို (ရေတစ်ယူနစ်) ၃၀၀၀၊ ၃၅၀၀ (ကျပ်) အထိ ပေးနေရတာတွေ ရှိတယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် အာဏာမသိမ်းမီကမူ ယခုကဲ့သို့ ရေရှားပါးသည့်ရာသီတွင် ရေရှိသည့်အချိန်စုပ်ယူပြီး ညလုံးပေါက် ရေပို့ပေးနိုင် သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ညဘက် ရေပို့၍ မရတော့ကြောင်း ရေရောင်းသူအချို့က ပြောသည်။

“အခုကတော့ ည ၁၂ နာရီအထိပဲ ရေပို့လို့ရတော့တယ်။ အဲဒီနောက်ပိုင်းဆို ပို့လို့မရတော့ဘူး” ဟု ရေရောင်းချသူတစ်ဦးက ပြောဆိုသည်။

ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပုဂ္ဂလိကကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ဆောင်ရွက် နေသည့် ရေပေးဝေရေးစီမံကိန်းမှာ ၅ နှစ်ခန့်ကြာလာပြီဖြစ်သော်လည်း ယနေ့အချိန်အထိ ရေပေးဝေနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရေပိုက်တပ်ဆင်ခြင်းအဆင့်တွင်သာ ရှိသေးကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘယ်အချိန်လောက်စပြီး ရေပေးနိုင်မယ်ဆိုတာကို ကျွန်တော်လည်း မပြောနိုင်သေးဘူး။ ကုမ္ပဏီကပဲ သိလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အဆိုပါရေပေးဝေရေးစီမံကိန်းကို Good Water ကုမ္ပဏီက ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ရေပေးဝေရေးစီမံကိန်းက ကော့သောင်းမြို့ပေါ် ၁၀ ရက်ကွက်ကို ရေပေးဝေရန် စီစဉ်ထားခြင်းဖြစ်သည်။

ကော့သောင်းမြို့တွင် အိမ်ခြေ ၈၆၆၆ ရှိ လူဦးရေ‌ လေးသောင်းငါးထောင်ကျော်အတွက် တစ်ရက်တာ ရေလိုအပ်မှုမှာ ဂါလံ ကိုးသိန်းကျော် (၉၀၆,၄၀၀) ရှိကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီ ပြန်ကြားရေးဦးစီးဌာနက မတ်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။