ဘူးသီးတောင်အခြေစိုက်တပ်ရင်းဌာနချုပ်တစ်ခုကို တိုက်ခိုက်ပြီးငါးရက်အကြာတွင် သိမ်းယူလိုက်ကြောင်း AA ပြော

0
556

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား စတင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဧပြီလ ၅ရက် နံနက်တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၁ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်ထပ်ကျန်ရှိသည့် စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ပြီး AA ဘက်လည်း ထိခိုက်သေဆုံးမှုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် AA ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်း ရရှိကြောင်း ဆိုသည်။

ခမရ (၅၆၄) ကို သိမ်းယူနိုင်ပြီးနောက် သတင်းထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများတွင် အမျိုးသမီးစစ်သည်များ ပါဝင်လာသည်ကို တွေ့ရသည်။

မတ်လ ၂၅ရက်ကလည်း ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းအား စတင်တိုက်ခိုက်ပြီး ၃၂ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့သလို ယင်းနေ့တစ်ရက်တည်းတွင်ပင် တောင်ဘဇာစခန်းကိုလည်း ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း AA ထံမှ သိရသည်။

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း စခန်းကိုလည်း သိမ်းယူရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။

ဧပြီလ ၄ ရက်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် AA သိမ်းယူထားသည့် ကျောက်တော်မြို့ကို လာရောက်ဗုံးကြဲသောကြောင့် ၁၈နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးပြီး ၆နှစ်အရွယ် ကလေးအပါအဝင် ခြောက်ဦး ဒဏ်ရာရကြောင်း AA က ထုတ်ပြန်ထားသည်။

AA က ရခိုင်တွင် မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းယူထားသည်။