ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
877

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေပြီး ကျရိပ်ပြခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးမှာ အတက်ကြမ်းခဲ့ပြီး တစ်ရက်နှင့် တစ်ရက်ဈေးနှုန်း အလှုပ်အခတ်ကြမ်းကာ တစ်ကျပ်သားလျှင် ငွေကျပ်ရှစ်သောင်းအထိ အပြောင်းအလဲရှိခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ်ငါးသိန်းအထိ စံချိန်တင်ဈေးတက်သွား ခဲ့သည်။

ထိုင်းဘတ်ဈေးလည်း တက်လာပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၀ ကျပ်ကျော်သွားခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၅၅ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ ကြာသပတေးနေ့တွင် ကျရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၈၇၀ ကျပ် ဈေးဖွင့်ထားရာက ၂၈၆၅ ကျပ်ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၉၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်တက်နေသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းကလည်း အတက်ပိုင်းတွင် ဆက်ရှိနေပြီး မတ်လ ၃၀ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၂၃၃ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၁၈၀ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြား ပြည်ပသို့ထွက်ခွာသွားကြခြင်းကြောင့် လုပ်သားအရင်းမြစ်ရှားပါးနေသည်။

ထိုကြောင့် ကုန်ထုတ်လုပ်ငန်း၊ ကုန်ပစ္စည်းဖြန့်ချိရေး၊ ဆောက်လုပ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကုန်ထုတ်စွမ်းအား မတည်မငြိမ်ဖြစ်နေသည်။

ထိုအခင်းအကျင်းများနှင့် ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းများကြောင့် ပြည်တွင်းရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ထိုင်းသို့လာရောက်သည့် မြန်မာနိုင်ငံသားများကြောင့် ဘတ်ဝယ်ယူမှုမြင့်မားနေသလို ထိုင်းတွင် ကွန်ဒိုဝယ်သူများနေခြင်းကြောင့်လည်း ဘတ်အဝယ်များနေသည်။

မြန်မာနိုင်ငံသားအများစုမှာ ငွေကြေးတန်ဖိုးကျနေသည် ကျပ်ငွေအစား ထိုင်းဘတ်ပြောင်းကိုင်လာခြင်းကလည်း ဘတ်စျေးကောင်းရသည့် အချက်တစ်ခုဖြစ်နေသည်။

ယင်းအခြေအနေများကြောင့် ဘတ်ဈေးလည်း ကျရိပ်ပြမည့် အနေအထားပင်မရှိသေးပေ။

ထိုကြောင့် ထိုင်းဘတ်ဈေးမှာ ရွှေဈေးနှင့်အတူ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းလည်း တက်နေပြီး တစ်ဒေါ်လာလျှင် ၃၈၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။