ကရိန်းပြိုကျသောကုမ္ပဏီတွင် ယခင်ကိုယ်အင်္ဂါဆုံးရှုံးသည့် မြန်မာများကိုပါ နစ်နာကြေးပေးရန် တောင်းဆို

0
512
ပုံစာ- ကရိန်းပြိုကျပြီး သေဆုံးသည့် မြန်မာအလုပ်သမားများအတွက် နစ်နာကြေး ပေးချေရန် မတ်လ ၂၉ရက် ညက တောင်းဆိုနေစဉ်။

ထိုင်းနိုင်ငံ ရယွန်ခရိုင် တရုတ်ကုမ္ပဏီပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယခင်ကတည်းက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာအလုပ်သမားများကိုပါ နစ်နာကြေးပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) အောက်က နစ်နာကြေး ရရှိနိုင်ရန် ယနေ့တွင် ထပ်မံတောင်းဆိုနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာအလုပ်သမားများသည် မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သော Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီ၏ မြန်မာအလုပ်သမားဟောင်းများဖြစ်သည်။

ယခင်ကတည်းက မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာ အလုပ် သမား ၁၃ ဦးအထိ ရှိခဲ့ပြီး အားလုံးကို ကုမ္ပဏီဘက်က လူမှုဖူလုံရေးရန်ပုံငွေ ပြုလုပ်ပေးထားခြင်း မရှိကြောင်း WAG ထံမှ သိရသည်။

အလုပ်သမားများသည် တရားဝင် အလုပ်သမားများဖြစ်ပြီး ပကန်စံခွန်အတွက် လစဉ်ငွေကြေးကောက်ခံထားသော်လည်း ကုမ္ပဏီဘက်က ရန်ပုံငွေ မသွင်းပေးထားခဲ့ကြောင်း WAG က ကိုမုန်တိုင်းက ပြောသည်။

ထို့ကြောင့် အလုပ်သမားများသည် ဆေးကုသမှုကာလတစ်လျှောက်လုံးကို ကိုယ်တိုင်ငွေကြေးကျခံခဲ့ရပြီး ယခုအချိန်တွင် နစ်နာကြေးများအတွက် ထပ်မံစိစစ်ပြီး ပြန်လည်ရရှိရေး ပကန်စံခွန်ရုံးသို့ တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့တွေမှာက ပကန်စံခွန်တွေ မတင်ထားဘူး။ ဒါကြောင့် ဆေးကုသခွင့် မရှိဘူးဖြစ်နေတယ်။ ပြောရမယ်ဆိုရင် ဆေးကုသတာကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုသနေရတာပေါ့။ ဒါကြောင့် သူတို့ နစ်နာကြေးတွေ ပြန်ရဖို့ ပကန်စံခွန်ရုံးကို တောင်းဆိုခဲ့တယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

ပကန်စံခွန်ရုံးကလည်း အဆိုပါမြန်မာအလုပ်သမားများအတွက် နှစ်ပတ်အတွင်း အမြန်ဆုံး ပြန်လည်စိစစ်ပြီး နစ်နာကြေးနှင့် အခြားခံစားခွင့်များ ပြန်လည်ရရှိအောင် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကုမ္ပဏီတွင် ယမာန်နေ့ ညနေက ကရိန်းပြိုကျမှုကြောင့် မြန်မာအလုပ်သမား ငါးဦးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

သေဆုံးသူများအတွက် ကုမ္ပဏီဘက်က ဘတ် ၅ သိန်းသာ နစ်နာကြေးပေးရန် ကနဦးပြောကြားခဲ့သဖြင့် အလုပ်သမားများက အလောင်းသယ်ခွင့်မပေးဘဲ နစ်နာကြေး ဘတ် ၅ သန်းအထိ လက်ငင်းပေးချေရန် ညလုံးပေါက်တောင်းဆိုခဲ့သည်။

နောက်ဆုံးတွင် နစ်နာကြေး တစ်ဦးစီအတွက် ဘတ် ၁၆ သိန်းဖြင့် မိသားစုဝင်များနှင့် အလုပ်ရှင်ကြား သဘောတူညီမှုရရှိပြီးနောက် နောက်ဆက်တွဲ အလုပ်သမားအခွင့်အရေးများကို ကူညီဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ကုမ္ပဏီဘက်က အလုပ်သမားများကို နိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင် အထောက်အထား စာအုပ်များကို သိမ်းထားပြီး ပကန်စံခွန်ကတ်များ ပေးကိုင်ထားခြင်းမရှိသဖြင့် အကျိုးခံစားခွင့်မရကြဘဲ ဖြစ်နေကြကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် ကုမ္ပဏီဘက်က စာရွက်စာတမ်းများ ပြန်လည်ပေးအပ်ပြီး အလုပ်သမားများထံ ငွေကြေး ပိုမကောက်ခံရန်နှင့် အလုပ်လျှောက်ထားခများ အဆမတန် မယူရန်အတွက် ထိုင်းအာဏာပိုင်များ လာရောက်ဖြေရှင်းပေးနိုင်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။