စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်လာပြီး ကံပေါက်-နဘုလယ်လမ်းကို ဘတ်ဟိုးဖြင့် ဖျက်ဆီးဖြတ်တောက်

0
400
ပုံစာ- ဇာဒီ ခေါင်ပြန်လမ်း။ ဓာတ်ပုံ - ကံပေါက်သတင်းစုံ

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်ဒေသတို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် စစ်ကောင်စီက ဘတ်ဟိုးဖြင့် မြေတူးပြီး လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက ကားခြောက်စီး၊ ဘတ်ဟိုးတစ်စီးတို့ဖြင့် ရောက်ရှိ လာကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် လမ်းပိုင်းနေရာ နှစ်ခုတွင် လမ်းကို မြောင်းသဖွယ် ဖြတ်တောက်တူးသည့်အပြင် လမ်းဘေးနှစ်ဖက်က မြေကြီးများကိုပါ တူးပြီး လမ်းပေါ်တွင် ပုံကာ ပိတ်ဆို့ထားကြောင်း ၎င်းတို့က ဆိုသည်။

“မြေကြီးတွေတူးပြီး လမ်းမအလယ်မှာ စုပုံထားတယ်။ လောလောဆယ်က ကားတွေသွားမရဘူး ။ ဆိုင်ကယ်တွေ၊‌ ဘေးတွဲတွေကတော့ ခြံပတ်လမ်းတွေကနေ သွားနေရတယ်” ဟု ဇာဒီရွာက ဥယျာဉ်ခြံအလုပ်သမားတစ်ဦးကပြောသည်။

လမ်းဖြတ်တောက် ပိတ်ဆို့သည့်နေရာမှာ ကံပေါက်ကျေးရွာနှင့် ကျေးရွာ လေးရွာ အကွာရှိ ဇာဒီ-ခေါင်ပြန်လမ်းပိုင်း၌ တံတားအနီးတွင် တစ်နေရာ ၊ ရန်ကင်းတောင်အနီးတွင်တစ်နေရာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကံပေါက်ဒေသဘက်သို့ ရောက်ရှိလာမည်ကို စိုးရိမ်၍ စစ်ကောင်စီ လမ်းပိတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ဇာဒီကျေးရွာအုပ်စုသို့ ရောက်လာသည့် စစ်ကား ခြောက်စီးအနက် သုံးစီးသည် သီရိမင်္ဂလာဘုန်းကြီးကျောင်းအနီးတွင် နေရာယူ၍ အမျိုးသား ငါးဦးကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျန် စစ်ကား သုံးစီးသည် ဇာဒီ – ခေါင်ပြန်လမ်းပိုင်းတွင် နေရာယူ၍ လမ်းပိုင်းအသွားအလာများကို စစ်ဆေးခဲ့ပြီး ဒိုက်တကော်ရွာသားတစ်ဦး အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းထားတဲ့ ခြောက်ယောက်မှာ သီရီမင်္ဂလာကျောင်းနားက ငါးယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ ဒိုက်တကော်သား တစ်ယောက်ကတော့ စစ်ကားမှာ တင်ဆောင်သွားတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကား ခြောက်စီးနှင့် မြေတူးစက် တို့သည် ညနေ ၅ နာရီတွင် ဇာဒီရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက် ၂ နာရီဝန်းကျင်အကြာတွင် သေနတ်သံ ဆယ်ချက်ခန့်ကြားရကာ ဇာဒီရွာကအမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ရွာသားများထံက သိရသည်။

ပစ်သတ်ခံရသူသည် ကွန်ပျူတာ၊ မိတ္တူလုပ်ငန်းနှင့် ဘုရားပန်းရောင်းဝယ်ရေးလုပ်ကိုင်သူ အသက် ၄ဝကျော်အရွယ် ဦးကျော်စိုးဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းအား မည်သည့်အကြောင်းအရင်းကြောင့် မည်သည့်အဖွဲ့အစည်းက ပစ်သတ်လိုက်သည်ကိုမူ မသိရသေးပေ။

ဦးကျော်စိုး မိခင်၏ နောက်အိမ်ထောင်ခင်ပွန်းဖြစ်သူ ဦးအေးဟန်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဦးအေးဟန် ပစ်သတ်ခံရမှုအပါအဝင် ဇာဒီရွာတွင် အမျိုးသား ငါးဦးပစ်သတ်ခံထားရပြီး စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးလားလားသေဆုံးမှုမှလွဲ၍ ကျန် လေးဦးသေဆုံးမှုကို မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ကို ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။