တနင်္သာရီမြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလို

0
321
ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ။ ‌ဓာတ်ပုံ - နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့။

တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ရက်ရှည် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေး အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၃ ရက်မှ ယနေ့ ၃၀ ရက်အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သိန္ဓောကျေးရွာအုပ်စုနေ ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ မိုင်းသတ္တု၊ သူဌေးအရှေ့၊ ဘန်းပြည့်၊ ရွှေဒူး၊ ကျားခေါင်း စသည့်ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ၈၀၀ ကျော်ရှိသည့်အနက် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေခြင်းကြောင့် ၄၀၀ ကျော်ကိုသာ ကူညီပေးနိုင်သည့် အနေအထားရှိကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲကြားမှာ ဖြစ်နေတဲ့အတွက် ကျွန်မတို့ လက်လှမ်းမီသလောက်ကိုပဲ ကူညီပေးနေတာပါ” ဟု အထက်ပါအဖွဲ့ဝင်က ပြောဆိုသည်။

စစ်ကောင်စီတပ်က အဆိုပါဒေသအား ဆေးဝါးနှင့် ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ် ဖြတ်တောက်ထားသည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးကူညီရာတွင် အခက်အခဲများစွာရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲရက်ရှည်ဆက်ဖြစ်နေပါက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါသည်များအတွက် အခက်အခဲ ပိုဖြစ်နိုင်သလို အကူအညီများလည်း လိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္ဓောကျေးရွာရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။