ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး မြဝတီ အမှတ် ၂ တံတား ယနေ့ပြန်ဖွင့်

0
348
ပုံစာ - ယနေ့ ပြန်ဖွင့်သည့် မြဝတီ-မဲဆောက် အမှတ် ၂ တံတားအခြေအနေ။ Photo – Thai PBS

မြဝတီမြို့တိုက်ပွဲများကြောင့် ယာယီပိတ်ထားသော ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အမှတ် ၂ တံတားကို ယနေ့ ဧပြီလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြန်မာကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်များနှင့် KNLA/PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဧပြီလ ၂၀ ရက်နေ့မှစ၍ ထိုင်း – မြန်မာ ကုန်သွယ်ရေး အမှတ် ၂ တံတားကို ထိုင်းဘက်နှင့် မြန်မာဘက်တို့က ပိတ်ထားခဲ့ သည်။

ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အမှတ် ၂ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးကားများ သွားလာခွင့် ရနေပြီဖြစ်ကြောင်း တံတားအနီးနေ ကုန်စည်ပို့ဆောင်နေသူတစ်ဦးထံမှ သိရသည်။

“တံတားကတော့ ဖွင့်ပါပြီ။ ထိုင်းဘက်က ကုန်စည်ကားတွေ အဓိက ဝင်နေတာမျိုးတွေ့တယ်။ မြန်မာဘက်က ပျက်စီးနေတာတွေ ကိုလည်း ပြင်ဆင်နေတုန်း ပြန်ဖွင့်ပေးလိုက်တာထင်တယ်။ အသေးစိတ်တော့ သေချာ မသိရသေးဘူး” ဟု ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။

ထိုင်းဘက်မှ မြန်မာနိုင်ငံဘက်သို့ ယနေ့တွင် ကုန်စည်ကား ၈၀ ခန့် ဝင်ရောက်မည်ဖြပြီး ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ် ကြောင်း တာခ့်ခရိုင် လဝကရုံးက ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာ အမှတ် ၂ တံတားသည် နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရာတွင် အဓိက အသုံးပြုနေသောတံတားဖြစ်သည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်ရာတွင်လည်း အသုံးပြုနေသော တံတားဖြစ်သည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ မြန်မာဘက်က ယာယီပိတ်ထားပြီး ၇ ရက်အကြာ ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မြဝတီစခန်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုတန်ဖိုး တတိယအများဆုံးဖြစ်ပြီး တစ်ရက်လျှင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ( ISP Myanmar) ထံမှ သိရသည်။