ထားဝယ်တွင် လျှပ်စစ်မီးအပျက်များလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့်ပစ္စည်းများ ဝယ်သူမြင့်တက်

0
335

ရာသီဥတု ပူပြင်းချိန် ထားဝယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်လေ့ရှိလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်နေကြောင်း စုံစမ်းသိရသည်။

ဧပြီလ လဆန်းပိုင်းမှစတင်ကာ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု မကြာခဏ ရှိလာသည်။

ထို့ကြောင့် အင်ဗာတာ၊ ပါဝါဘန့်တို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်သုံး ပန်ကာများ၊ လျှပ်စစ်မီးသီးများ၊ ပါဝါဘဏ်၊ အင်ဗာတာ၊ ဘတ္ထရီ၊ ဆိုလာ စသည့်တို့ ရောင်းမလောက်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“အဲဒီပစ္စည်း (အင်ဗာတာ၊ ဘတ္ထရီအပါအဝင် ၎င်းတို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်ပစ္စည်းများ) တွေက ရောက်တာနဲ့ ကုန်ဖြစ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့တွင် လူသုံး မများသေးသည့် Power station ကဲ့သို့သော လျှပ်စစ်သိုလှောင်ပစ္စည်းများကိုပင် ဝယ်ယူရန် မေးမြန်းသူများ များလာကြောင်း အခြားလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“power station လိုဟာမျိုးက မေးတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါမျိုး မရောင်းဖူးသေးတော့ အတွေ့အကြုံ မရှိသေးဘူး။ လေ့လာပြီးမှ ဆိုင်မှာတင်ပေးမယ်လို့ ပြောလိုက်ရတယ်” ဟု ၎င်းက‌ ပြောသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီက ဓာတ်အားအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးမည့် အချိန်ဇယားကို ထုတ်ပြန်ထား သော်လည်း ထုတ်ပြန်ထားသည့်အချိန်အတိုင်း ဓာတ်အားမပေးနိုင်သဖြင့် ဝေဖန်ခံနေရသည်။

ဒေသခံတို့မှာ လျှပ်စစ်မီးပုံမှန် မရသဖြင့် အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ်တို့ဖြင့်သုံးရသည့် DC လျှပ်စစ်ပစ္စည်းများကို ဝယ်ယူ နေရသဖြင့် ငွေကုန်‌ကြေးကျများနေကြောင်း ညည်းတွားနေကြသည်။

“ကျွန်မတို့ မိသားစုသုံးဖို့ဆိုပြီး DC ပန်ကာနှစ်လုံးဝယ်လိုက်တာ သေးနေတော့ အဲဒါပြန်ရောင်းပြီး အသစ်ထပ်ဝယ်ရဦးမှာ။ အခုချိန်မှာ အဲဒါတွေမရှိဘဲ နေလို့လည်း မရဘူးဆိုတော့ ပိုက်ဆံကို ကြည့်မနေနိုင်တော့ဘူး” ဟု အွန်လိုင်းမှ ဈေးရောင်းသူတစ်ဦး ဖြစ်သည့် ထားဝယ်မြို့ခံ မမီးဇာက ပြောဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီ Petro &Trans အနေဖြင့် စက်ချို့ယွင်းနေသဖြင့် ဓာတ်အား ပြတ်တောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်ပေးနိုင်မည့်အချိန်ကိုမူ အသိပေးခြင်း မရှိသေးပေ။

လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်လာခြင်းကြောင့် ဖုန်းတာဝါတိုင် ဓာတ်အားပေးစနစ်များ ပြတ်တောက်သွားပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုက်များလည်း ဒေသအချို့တွင် ပြတ်တောက်လျှက်ရှိသည်။

အာဏာ မသိမ်းမီကမူ ဖုန်းတာဝါတိုင်များ ဓာတ်အားပြတ်တောက်သွားပါက ဓာတ်ဆီ၊ ဒီဇယ်သုံးအင်ဂျင်များ မောင်းနှင်ပြီး ဓာတ်အားပေးနိုင်သော်လည်း လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများကြောင့် တာဝါတိုင်အရံဓာတ်အားပေး အင်ဂျင်များအား စက်သုံးဆီ လာရောက်ဖြည့်တင်းနိုင်ခြင်း မရှိတော့ကြောင်း ဒေသခံတို့က ပြောသည်။