MoU သက်တမ်းကုန် မြန်မာလုပ်သားများကို ထိုင်းအစိုးရက မြန်မာသို့ပြန်ပြီး သက်တမ်းတိုးခိုင်း

0
275
ပုံစာ - ထိုင်းလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသည့် အလုပ်သမားများ။ Photo - The Nation

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအလုပ်သမား များ ယခုဧပြီလကုန် နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေသဖြင့် လူငယ်များ နိုင်ငံထဲက ထွက်ခွာတိမ်းရှောင်နေကြချိန် MoU အလုပ်သမားများကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်ခိုင်းနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်မည့် MoU အလုပ်သမားများကို ထိုင်းအစိုးရက ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီသက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုခဲ့သည်။

ထို့ကြောင့် ယခုလကုန်တွင် ယာယီအလုပ်လုပ်ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နေရပ်ပြန်သက်တမ်းတိုးကြရန် ထိုင်းအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရ သဘောတူညီချက် MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားများသည် စာချုပ်သက်တမ်းအရ ၂ နှစ် အလုပ်လုပ်ခွင့်ရှိပြီး နောက်ထပ် ၂ နှစ်သက်တမ်းတိုးနိုင်ကာ လေးနှစ်အထိ အလုပ်လုပ်ခွင့်ရရှိ သည်။

အကယ်၍ လေးနှစ်သက်တမ်းပြည့်ပါက မိမိနိုင်ငံသို့ ပြန်၍ စာချုပ်သက်တမ်းတိုးရမည်ဖြစ်ကြောင်း အလုပ်သမား ခန့်ထားရေး ဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် သက်တမ်းလေးနှစ်ပြည့်သော MoU မြန်မာအလုပ်သမားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ယခုလ ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

“လေးနှစ်ပြည့်သမားတွေက မြန်မာနိုင်ငံ ရနောင်းတို့ မြဝတီတို့ဘက်ပြန်ပြီး သက်တမ်းပြန်တိုးရမယ်။ တကယ်လို့ သက်တမ်းပြန်မတိုးဘူးဆိုရင် ထိုင်းမှာ တရားမဝင် လုပ်ကိုင်နေသလို ဖြစ်သွားတော့မယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားများကို စာချုပ်သက်တမ်းပြန်တိုးလိုပါက အလုပ်ရှင်များအနေဖြင့် အလုပ်သမားစာရင်းကို အလုပ်သမားဝန်ကြီး ဌာနထံ ပြန်လည်တင်ပြရမည်ဖြစ်ပြီး နယ်စပ်သို့သွား၍ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အလုပ်သမားများသည် မိမိနိုင်ငံ နယ်စပ်ဂိတ်များသို့ သွားရောက်ပြီး စာရွက်စာတမ်းပြည့်စုံပါက ထိုင်းနိုင်ငံသို့ ချက်ချင်း ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Kharom Polpornklang က ပြောဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံရေးအခြေအနေအရ သက်တမ်းကုန်မြန်မာအလုပ်သမားများ နေရပ်ပြန်သက်တမ်းတိုးရန် အခက်အခဲများကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ကိုဇော်က ပြောသည်။

“သူတို့အစိုးရက ပြန်ပြီး သက်တမ်းတိုးခိုင်းနေတော့ မြန်မာတွေက ဘယ်လိုပြန်လုပ်ကြမလဲ။ ဒါတွေကို ဖြေလျှော့ပေးဖို့ နောက်တစ်မျိုး စီစဉ်ပေးဖို့ လာမယ့် မေလ ၁ ရက်နေ့ အလုပ်သမားနေ့မှာ တောင်းဆိုသွားဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းက ပြောသည်။

သက်တမ်းတိုးမည့် အလုပ်သမားများက စာရွက်စာတမ်းအသစ်လျှောက်ရကာ စာချုပ်အသစ်ချုပ်ဆိုရပြီး နယ်စပ်အထွက်ပြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သက်တမ်းတိုးရန်အတွက် နိုင်ငံကူးလက်မှတ်ကို အရင်သက်တမ်းတိုးထားရပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမရပါက နေရပ်အပြီးပြန် သို့မဟုတ် တရားမဝင် ပြန်လည်ဖြစ်သွားနိုင်ကြောင်း MWRN ထံမှ သိရသည်။