နှစ် ၃၀နီးပါးကြာ စစ်ကောင်စီတပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

0
294

ထားဝယ်မြို့နယ် ထီးခီးအနီး ထိုင်းနယ်စပ်တွင်ရှိပြီး နှစ်၃၀နီးပါးကြာ စစ်ကောင်စီတပ် တပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များ က ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ပြန်သည်။

KNU တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင်တွင်ရှိသည့် မောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စခန်းတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ပြသည်။

၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ်၏ ခလရ (၁၉) တပ်ရင်းအခြေချခဲ့သည့် မောထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) တပ်ရင်း-၁၂ ၊ တပ်မဟာ (၆) တပ်ရင်း-၂၇ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး KNLA တပ်ရင်းမှူး စောမှူးဂေကို မေးမြန်းရန် Dawei Watch က ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပေ။

ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်ကလည်း ထားဝယ်မြို့နယ် ဘန်းချောင်းဒေသတွင်ရှိသည့် စစ်ကောင်စီတပ်၏ ကျောက်ထု ခြေကုပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထားဝယ်- မေတ္တာ- ထီးခီး လမ်းတစ်လျှောက်တွင် ပကာရီရဲကင်းစခန်း၊ ကျောက်မဲတောင်နယ်မြေရဲစခန်း၊ မေတ္တာဗျူဟာကုန်းစခန်း၊ ထီးထဗျူဟာ၊ ထီးခီးစခန်း၊ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းများရှိသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယခုနှစ်စပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ယင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က ခြေလျင်စစ်ကြောင်း ထိုးနိုင်သည့် အခြေအနေ မရှိတော့ဘဲ လေကြောင်းဖြင့် ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများ ပို့နေရသည့် အခြေအနေမှာရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။