ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ

0
333
ပုံစာ - အုန်းပင်ကွင်း ရွာလယ်လမ်းဆုံ

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။

အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆ ဦးမှာ ဒလန်ဖြစ်သည်ဟုဆိုကာ ရေးသားဖော်ပြထားသည့် စာရွက်ကို လာရောက်ချိတ်ဆွဲ ထားခြင်းဖြစ်သည်။

စာရင်းတွင်ဖော်ပြခံရသူများမှာ စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးနှင့် ဆက်စပ်သူများ၊ အရန်မီးသတ်၊ နဝတခေတ် အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူ တို့ပါဝင်ကြောင်း အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

စာကပ်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် အုန်းပင်ကွင်းရွာ နာရေးကူညီမှု အသင်း တာဝန်ရှိသူ ဦးဇော်လတ်က ယင်းသို့မတရားစွပ်စွဲခံရမှုကြောင့် များစွာနစ်နာရကြောင်း အသင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြေရှင်းခဲ့သည်။

’ခိုင်လုံသည့်အထောက်အထား တစ်စုံတရာမျှမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့်သော်လည်ကောင်း၊ လူမှုရေး မကျေနပ်မှုကြောင့် သော်လည်းကောင်း ၄င်းတို့၏ထင်မြင်ချက်တစ်ခုတည်းဖြင့် မတရားစွပ်စွဲခဲ့မှုကြောင့် ဒေသခံပြည်သူများအကြားတွင် ထင်မြင်လွဲမှားမှုမျိုး ဖြစ်ပေါ်လာနိုင်သလို၊ မိမိ၏မိသားစုအသိုင်းအဝိုင်းသည်လည်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုမျိုး ဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိအနေဖြင့် အဆိုပါမတရား စွပ်စွဲခံခြင်းအတွက် များစွာနစ်နာရပါသည်‘ ဟု ရေးသားထားခြင်းဖြစ်သည်။

စာကပ်၍သတိပေးရာတွင် လုပ်ဆောင်သည့် အဖွဲ့အစည်းနာမည်မပါရှိသဖြင့် မည်သည့်အဖွဲ့က သတိပေးချက်ထုတ်ပြန်သည်ကိုမူ မသိရပေ။

ယခုကဲ့သို့ ခြိမ်းခြောက်ခံရမှုသည် ၂ဝ၂၂ ခုနှစ်ကလည်း တစ်ကြိမ်ဖြစ်ခဲ့သည်ဟု ရွာသားများကပြောသည်။

ဧပြီ ၂၀ ရက်မတိုင်မီကလည်း အုန်းပင်ကွင်းရွာသူနှင့် အိမ်ထောင်ကျ၍ လာရောက်ရွှေ့ပြောင်းနေထိုင်သူ စစ်မှုထမ်းဟောင်းတစ်ဦးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်သွယ်ပြတ် နေခဲ့သည်။

” အုန်းပင်ကွင်းသူနဲ့အိမ်ထောင်ကျပြီး အရင်ကဆင်ကူးရွာမှာနေတယ်။ ပြီးတော့ရေတပ်ထဲမှာလည်း နေသေးတယ်။ အဖမ်းခံရတဲ့နေ့က ‌မွန်းလွဲပိုင်းလောက် အိမ်မှာပဲ လူရောကားရော လာခေါ်သွားတယ် ” ဟု အုန်းပင်ကွင်းရွာက ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ယင်းလာရောက်ခေါ်ဆောင်သွားသည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်ကြောင်း မသိရသလို၊ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ကိုလည်း ထုတ်ပြန်ခြင်းမရှိပေ။

အုန်းပင်ကွင်းရွာသည် ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းများရုံးစိုက်သည့် နေရာဖြစ်သလို ‌စစ်ကောင်စီ မောရဝတီရေတပ်စခန်းဌာနချုပ် အခြေစိုက်ရာလည်း ဖြစ်သည်။