MNDAA သေဒဏ်စီရင်မှု ဥရောပသမဂ္ဂက အပြင်းအထန်ရှုတ်ချ

0
759

ကိုးကန့်တပ် MNDAA က ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား သေဒဏ်စီရင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

MNDAA က လူ ၁၀ ဦးကို သေဒဏ်ချခဲ့ပြီး ယင်းအနက် သုံးဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရ‌ဖွယ်ရှိသည် ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဒဏ်စီရင်မှုကို မည်သည့်အခြေအနေမျိုးတွင်မဆို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း EU က ဆိုသည်။

သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာအား အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ြပသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာ စံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MNDAA က လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ပြည်သူလူထုရှေ့တွင် ပထမဆုံးအကြိမ် တရားစီရင်ကာ သေဒဏ်စီရင်ချက် ချလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

MNDAA က ခရိုင် အတွင်းရေးမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး အများပြည်သူရှေ့မှောက်တွင် ဧပြီလ ၂၄ ရက်က ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ၁၀ ဦးအနက် ခရိုင် အတွင်းရေးမှူးတစ်ဦးအပါအဝင် သုံးဦးကို သေဒဏ်ချမှတ်ပြီး ကျန်ခုနစ်ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဆိုသည်။

အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ လက်အောက်ငယ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ စစ်လက်နက်များကို ခိုးရောင်းမှု စသည့် ပြစ်မှုများဖြင့် တစ်ဦးချင်းစီ ကျူးလိုက်သည့် အမှုအလိုက် စွဲချက်တင် ကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

‌ပြစ်ဒဏ်ချခံရသူများမှာ အသက် ၁၉နှစ်မှ ၃၈နှစ်ကြားရှိသူများဖြစ်သည်။

ပြစ်ဒစ်ချမှတ်ပြီးနောက် သေဒဏ်ချခံရသူများကို MNDAA လက်နက်ကိုင် စစ်သားများက တောင်တစ်ခုအနီးသို့ ခေါ်ဆောင် သွားသည်ကိုလည်း MNDAA က ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

ကျန်ခုနစ်ဦးကိုမှု ထောင်ဒဏ် ၅နှစ်မှ ၁၅ နှစ်အထိ ပြစ်ဒဏ်များချမှတ်ကာ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းလည်း ဆိုသည်။