ကော့ဘိန်းရွာဘက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံရ

0
296

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းက ကော့ဘိန်းကျေးရွာထဲကို သေနတ် ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရပြီး ရွာထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားခဲ့သည့်အပြင် ဖမ်းဆီးရိုက်နှက်မှုများလည်းရှိကြောင်း ဒေသခံတို့က ပြောသည်။

“ရွာထဲကို စစ်တပ်တွေ ဝင်လာတော့ ရွာမှာ ကျန်ရှိနေတဲ့လူတွေ အကုန်ထွက်ပြေးရတယ်။ ရွာထဲကို ရမ်းသမ်းပစ်ခတ်ပြီး ဝင်လာတာ။ တွေ့တဲ့လူဆိုရင်လည်း ဖမ်းတယ်။ ရိုက်တယ်။ အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းပြင် ကော့ဘိန်းကျေးရွာအနီးအနားက ကော့ပေါက်၊ ဘုရားကြီး၊ မင်းရွာ၊ လိမ္မာကုန်အစရှိသည့် ကျေးရွာတို့တွင်လည်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်နေပြီး ပြည်သူကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက် ကော့ဘိန်းရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားခဲ့သည်။

ကော့ဘိန်းကျေးရွာကို ထိန်းချုပ်ထားသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်ဖြင့် ကော့ဘိန်းကျေးရွာထဲ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရပြီးကတည်းက စစ်ကောင်စီတပ်တို့က ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်သည့် ကျိုက်မရောမြို့ နယ် ဘက် ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားသည်။

ဧပြီလ ၂၃ ရက်နေ့တွင်လည်း မွန်-ကရင်အစပ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာထဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အတွက် ဒေသခံပြည်သူ အများစု ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

လတ်တလော ကျိုက်မရောမြို့နယ်အတွင်းက စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကို မေးမြန်းရန် ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရရှိသေးပေ။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တစ်လတာကာလ စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာက ဘုန်ကြီးကျောင်းနှင့် လူနေအိမ် ၃၀၀ ကျော်အပါအဝင် ဒေသတွင်းက နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့ရသည်။

၎င်းပြင် စစ်ကောင်စီ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။

တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မွန်-ကရင် အစပ် ကော့ဘိန်းကစပြီး ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ တရနာ၊ သံကလောင်၊ ကော့စွယ်၊ ကော့သပ်၊ ကော့နွတ် စသော ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။