စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟု SSPP/SSA ကြေညာ

0
1963
ပုံစာ - SSPP/SSA ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်။ Photo – SSPP Info

စစ်ကောင်စီနှင့် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သဖြင့် လက်နက်ကိုင်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

ဧပြီလ ၂၄ ရက်က ကျင်းပသည့် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားတွင်း ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း SSPP/SSA က မေလ ၃ရက်တွင် ထုတ်ပြန်ထားသည်။

စစ်မှန်သည့် ပြည်ထောင်စုကို တည်ထောင်နိုင်ရန်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ဆိုသည်။

ပင်လုံစာချုပ် ချုပ်ဆိုချိန်ကပင် ၇၇ နှစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာခဲ့ကြကြောင်း ၎င်းက ပြောဆိုသည်။

“စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်” ဟု ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ပြတ်ပြတ်သားသားလုပ်ကြရန်လည်း ပြောဆိုခဲ့သည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး။ အခုကျွန်တော်တို့ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေး နွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့လမ်းစဉ်ဟာ လုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲဖြစ်ရ ပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

SSPP/SSA သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း NCA တွင် လက်မှတ်ထိုးခြင်း မရှိခဲ့ပေ။

SSPP သည် ‘ဝ’ တပ်ဖွဲ့ UWSA ဦးဆောင်ဖွဲ့စည်းသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်သည်။