တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
442

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၂၈ ရက်မှ မေ ၄ ရက်နေ့အထိ

အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်

ပုံစာ – ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်က ထိုင်းနိုင်ငံမှာ တရားဝင်လုပ်ကိုင်ဖို့ လာရောက်ကြတဲ့ မြန်မာအလုပ်သမားတွေ။

လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အမျိုးသားအလုပ်သမား အလုပ်ခေါ်စာတင်သွင်းမှုကို မေလ ၂ရက်နေ့ကစလို့ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အမျိုးသမီးအလုပ်သမားတွေကိုပဲ လက်ခံတော့တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက ဆိုပါတယ်။ လက်ရှိမှာ အလုပ်ခေါ်စာ ရရှိထားသူတွေကတော့ ပြည်ပထွက် အလုပ်လုပ်ခွင့်ရမှာပါ။ ဒီလိုပိတ်ပင်မှုမှာ အလုပ်အကိုင်အမျိုးအစားနဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ အားလုံး အကျုံးဝင်သွား နိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက သုံးသပ်ကြပါတယ်။

အခုလို ပိတ်ပင်မှုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ခွင့်ရဖို့ အချိန်ပေး ငွေကုန်ကြေးကျ များစွာနဲ့ ကြိုးပမ်းနေတဲ့ လူငယ်တွေအတွက် အကြီးအကျယ် အခက်တွေ့သွားစေပြီး မျှော်လင့်ချက်မဲ့သွားစေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်တာဟာ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းရာမှာ အခက်အခဲတွေ ဖြစ်လာလို့ အခုလို လုပ်ဆောင်တာလို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ပြည်ပထွက် အလုပ်လုပ်ဖို့ တရားဝင် လမ်းကြောင်း ကို ပိတ်ပင်လိုက်တာကြောင့် တရားမဝင် လမ်းကြောင်းကနေ သွားရောက်မှု ထိုးတက်လာနိုင်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………..

စစ်ကောင်စီကို တိုက်ခိုက်တော့မယ့် SSPP/SSA

စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာအဖြေရှာတဲ့ နည်းလမ်းမရှိတော့တာကြောင့် လက်နက်ကိုင်တိုက်ခိုက်မယ့်လမ်းစဉ်ကို ရွေးချယ်လိုက်ပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ကြေညာပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုချိန်ကပင် ၇၇ နှစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို စစ်အုပ်စုဘက်က မလိုက်နာခဲ့ဘူးလို့ SSPP/SSA ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် တွေဝေမနေဘဲ မဖြစ်မနေ လက်နက်ကိုင် တိုက်ခိုက်ရတော့မယ်လို့ ပြောဆိုထားပြီး စစ်အာဏရှင်စနစ်ကို တိုက်ဖျက်ဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

SSPP/SSA ဟာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်တွေမှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် NCA လက်မှတ်ထိုးရာမှာတော့ မပါဝင်ထားပါဘူး။

……………………………………..

တိုက်ခိုက်ခံရတာကြောင့် ဆေးရုံဆေးခန်း သုံးရာကျော်ပျက်စီး

သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီက ကျန်းမာရေးကဏ္ဍကို အကြိမ်ရေ ၁၃၀၀ နီးပါးတိုက်ခိုက်ခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၀ ကျော် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

ဒါ့ပြင် ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦး သတ်ဖြတ်ခံရပြီး ၁၃၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဧပြီလ ၂၅ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အတွင်းလူနာ လေးဦးနဲ့ လူနာစောင့်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ များစွာရှိတဲ့အပြင် ဆေးရုံတစ်ခုလုံး၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ထိခိုက်ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

အဲဒီဆေးရုံဟာ ဧပြီလ ၂၈ ရက်နေ့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်  အကြမ်းဖက်တိုက်ခိုက်မှုတွေကို တရားမျှတမှု ရအောင်လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေ အသုံးပြုပြီး မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူဖို့ NUG က တိုက်တွန်းထားပါတယ်။

……………………………………..

မြို့ ၅၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထား

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက မြို့ ၅၀ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထိန်းချုပ်ထားပါတယ်။

တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ မြို့ ၅၄ မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲက မြို့နှစ်မြို့ကိုတော့ စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။ မြဝတီမြို့ကိုတော့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ BGF အကူအညီနဲ့ စစ်ကောင်စီတပ်က ပြန်နေရာယူနိုင်ခဲ့တာပါ။

မြို့အများအပြား သိမ်းယူထားတာကတော့ ရှမ်းမြောက်၊ ရခိုင်နဲ့ ချင်းတို့မှာ ဖြစ်ပါတယ်။ မေလ ၁ရက်နေ့မှာတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ရက္ခိုင့်တပ်တော် AA ရဲ့ အကူအညီနဲ့ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကိုတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

……………………………………..

အာဏာသိမ်းပြီးနောက် အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာ

အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတာ ပိုဆိုးလာသလို စားဝတ်နေရေးလည်း ပိုမိုကျပ်တည်းလာပါတယ်။

လုပ်ငန်းခွင် ဖိနှိပ်ခံရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတာတွေ ပိုမိုဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) ထုတ်ပြန်ချက်မှာ ဖော်ြပပါတယ်။

အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အကြောင်းမဲ့အလုပ်ထုတ်တာ၊ လုပ်ခလစာဖြတ်တောက်တာ၊ မီးဖွားခွင့်မပေးတာ၊ အမျိုးသမီးအလုပ်သမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတာ၊ အဓမ္မပြုကျင့်တာ၊ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတာ၊ အဓမ္မ အလုပ်ခိုင်းစေတာတွေကို ကြုံနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အနည်းဆုံး လုပ်အားခကို ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးတာလည်း မရှိတော့ပါဘူး။ ဒါ့ကြောင့် နေထိုင်စားသောက်စရိတ် မြင့်တက်လာတဲ့ ဒဏ်ကိုလည်း အလုပ်သမားထုက အလူးအလဲ ခံနေရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီက စစ်မှုထမ်း စုဆောင်းတာတွေကြောင့်လည်း တခြားနိုင်ငံတွေကို ထွက်ပြေးကြရတယ်လို့ FGWM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ြပပါတယ်။

……………………………………..

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀နိုင်ငံစာရင်းဝင် မြန်မာ

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

မေလ ၃ရက်က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ကမ္ဘာ့နိုင်ငံ ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းကို RSF က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေတာပါ။

မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် သတင်းထောက်တစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး သတင်းသမား ၅၉ဦးနဲ့ သတင်းမီဒီယာလုပ်ငန်းထဲက အလုပ်သမား သုံးဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေသလို အခြားတစ်ဖက်မှာလည်း ကရင်နဲ့ ကရင်နီပြည်နယ်တွေမှာ KNU နဲ့ IEC တို့က သတင်းမီဒီယာကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်လာတာကြောင့် ဝေဖန်ခံနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးတာကို အခိုင်အမာ ဆန့်ကျင်သွားမယ်လို့ မေလ ၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

……………………………………..

မဟာဗောဓိမြိုင်ဆရာတော်ကြီး ခန္ဓာဝန်ချတော်မူ

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိမဟာထေရ် ဧပြီလ ၃၀ ရက်နေ့မှာ ခန္ဓာဝန်ချတော်မူသွားပါတယ်။

ဆရာတော်ကြီးဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်မှာရှိတဲ့ သီတင်းသုံးနေထိုင် တရားအားထုတ်တော်မူတဲ့ ဉေယျဓမ်တောရ စံကျောင်းတော်အတွင်းမှာ ခန္ဓာဝန်ချတော်မူခဲ့တာပါ။ ခန္ဓာဝန်ချတော်မူချိန်မှာ သက်တော် ၈၃နှစ် ဝါတော် ၄၅ ဝါရှိပြီဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလပ်တော်ကို မီးမပူဇော်ဘဲ သီတင်းသုံးတော်မူတဲ့ ကျောင်းမှာပဲ အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ မနေသုံးချက်မှာ တစ်ချက်ချက်ကြောင့် ရွှေ့ပြောင်းသီတင်းသုံးခဲ့တဲ့ နေရာ ၃၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ဒါ့အပြင် လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော၊ ခြွေရံ ဤလေးတန်းအခံရှိလျှင် ငါမနေဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတယ်လို့ သိရပါတယ်။ ခန္ဓာဝန်ချတော်မူတဲ့ သီတင်းတော်မူတဲ့ကျောင်းမှာ ကပ္ပိယပင်မထားဘဲ တစ်ပါးတည်း ဧကစာရီအကျင့်ဖြင့် နေတော်မူတယ်လို့ သိရပါတယ်။

……………………………………..