ကော့ဘိန်းရွာတွင် စစ်ကောင်စီတပ် ဝင်ပြီးနောက် ဒေသခံလေးဦး ပစ်သတ်ခံရ

0
323

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံ လေးဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့က ကော့ဘိန်းကျေးရွာထဲ သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့က ပြောသည်။

ရွာထဲ ဝင်ရောက်လာချိန်တွင် အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားသည့်အပြင် လမ်းတွင် ဆိုင်ကယ် ဖြင့် သွားလာနေသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ် ရွာထဲသို့ ဝင်လာသည့်နေ့တွင် အသက် ၃၈နှစ်ဝန်းကျင် ဒေသခံတစ်ဦးဖြစ်သည့် နိုင်စိုက်ဂျီကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းနောက် လေးရက်အကြာ ဧပြီလ ၂၈ ရက်တွင် နိုင်စိုက်ဂျီ၏ ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ၎င်းက ဆိုသည်။

“နိုင်စိုက်ဂျီက စစ်တပ်တွေ ရွာထဲကို ဝင်လာတဲ့နေ့ကတည်းက ပျောက်နေတာ။ နိုင်စိုက်ဂျီရဲ့ အလောင်းကို ကော့ဘိန်း စျေးထဲမှာ ပြန်တွေ့တာပါ။ နိုင်စိုက်ဂျီကို သတ်ပြီး နိုင်စိုက်ဂျီ စီးသွားတဲ့ ဆိုင်ကယ်ပါ စစ်တပ်က ယူသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

နိုင်စိုက်ဂျီ ရုပ်အလောင်းတွေ့သည့်နေရာတွင် အခြားအမျိုးသားတစ်ဦး၏ ရုပ်အလောင်း တစ်လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းပြင် ကော့ဘိန်းကျေးရွာနှင့် တဆက်တည်းဖြစ်သည့် ကော့ပလိုင်းကျေးရွာတွင်လည်း အသက် ၂၀ ဝန်းကျင်ရှိ မင်းအောင်ချမ်းဆိုသည့် လူငယ်ကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများအပြင် လက်နောက်ပြန်ကြိုးတုပ်ထားသည့် မင်းအောင်ချမ်း၏ ရုပ်အလောင်းကို ဧပြီလ ၂၇ ရက်နေ့တွင် ကော့ပလိုင်းကျေးရွာချောင်းဘေးတွင် ပြန်တွေ့ကြောင်း ဒေသခံတို့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံလေးဦး သေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေသူအချို့လည်း ရှိနေသေး ကြောင်း ဒေသခံတို့က ပြောသည်။

“ဆိုင်ကယ်တွေလည်း ကားနဲ့တစ်စီး သယ်ထုတ်သွားတယ်။ လူကို ပစ်သတ်ပြီးတော့ ဆိုင်ကယ်ကိုကျ ယူသွားတယ်။ တွေ့သမျှ လူတွေကို ပစ်နေတော့ ရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး” ဟု ကော့ဘိန်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ယင်းနောက် တစ်လခန့်အကြာ ဧပြီလ ၂၅ ရက်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်ဖြင့် ကော့ဘိန်း ကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ကော့ဘိန်းရွာကို ဧပြီလ ၂၅ ရက်တွင် ထိန်းချုပ်ထားနိုင်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကော့ဘိန်းနှင့်ဆက်စပ်သည့် ကျိုက်မရောမြို့နယ်ဘက် ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားသည်။

ယင်းအပြင် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကျေးရွာများထဲကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးဖြင့်လည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တစ်လတာကာလ စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာက ဘုန်ကြီးကျောင်းနှင့် လူနေအိမ် ၃၀၀ကျော်အပါအဝင် ဒေသတွင်းက နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် စစ်ကောင်စီ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုနှင့် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီ တပ်တို့က ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း အများအပြားရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မွန်- ကရင်အစပ် ကော့ဘိန်းကစပြီး ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီဘက်က ဓမ္မသကျေးအုပ်စုတွင် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ဒေသခံများ နေရပ်ပြန်လာကြရန် ပြောဆိုနေသော်လည်း ရွာထဲတွင် စစ်ကောင်စီတပ် တပ်စွဲထားဆဲဖြစ်သည့်အပြင် ဒေသခံပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း တို့ကြောင့် နေရပ် မပြန်ရဲသေးကြောင်း ထွက်ပြေးတိမ်းရှောင်နေကြသူတို့က ပြောသည်။